အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ၆ ဦးဒဏ်ရာရ

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ၆ ဦးဒဏ်ရာရ
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၃ ။                 ။ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၃၅/၇ နှင့် ၂၃၆ ကြားတွင် မြင်းခြံမှ နေပြည်တော်သို့ မောင်းနှင်လာသော super costom ယာဉ်မှာ မေလ ၃ ရက်၊ နံနက်ပိုင်းတွင် ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါးနှင့် လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘုရားတောင်အမြန်လမ်းရဲစခန်းမှ တာဝန်ကျရဲအရာရှိက မဇ္ဈိမသို့ပြောသည်။

အဆိုပါယာဉ်မှာ မြင်းခြံမှ နေပြည်တော်သို့ ဓမ္မာစကူးစာသင်ကြားပို့ရန် သွားရောက်သည့်အဖွဲ့များဖြစ်ပြီး မေ ၃ရက် နံနက် ရ နာရီ၊ ၄၅ မိနစ်ခန့်တွင် အဆိုယာဉ်မှာ ယာဘီးပေါက်ပြီး အရှိန်မထိန်းမနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။

အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ရ ဦးလိုက်ပါခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာတော် တစ်ပါး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“လူသေတာတွေတော့ မရှိဘူး။ သာမာန်ဒဏ်ရာတွေချည်းပါပဲ။ စိုးရိမ်စရာမရှိပါဘူး။ ယာဉ်မောင်းကတော့ ဘာမှမဖြစ်ဘူး။ ခြေထောက်လေးပဲ ပေါက်သွားတာ။ ခုဆေးထည့်ပြီး စခန်းမှာ အာမခံပေးဖို့လုပ်နေပါတယ်”ဟု အဆိုပါရဲအရာရှိက ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေကို ပြောပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သူများကို နေပြည်တော်ရှိ ခုတင် ၁ဝဝဝဆံ့ ဆေးရုံးသို့ ဘုရားတောင်အမြန်လမ်းရဲတပ်ဖွဲ့ယာဉ်ဖြင့် ပို့ဆောင်ပေးထားကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းသူအား ဘုရားတောင်အမြန်လမ်းရဲစခန်းတွင် ယာဉ်(ပ) ၁၆/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly