ဇူလိုင် ၃၁၊ ရန်ကုန် ။ ။ အင်္ဂလန်လိဂ် - ဝမ်းကလပ် ရှက်ဖီးယူနိုက်တက်အသင်းတွင် ကစားနေသော ကရင်တိုင်းရင်းသားဘောလုံးသမား ကလယ်ဟဲက မြန်မာနိုင်ငံ ကိုယ်စားပြုကစားမည် ဟုမြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သို့ အကြောင်းပြန်ခဲ့သည်။
ကလယ်ဟဲမှာ မြန်မာနိုင်ငံဖွား ကရင်မိဘနှစ်ဦးမှ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင်မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် အင်္ဂလန်ပတ်စ်ပို့စ်သာ ကိုင်ဆောင်ထားသည့်အတွက် ထိုင်း၊ မြန်မာနှင့် အင်္ဂလန်လက်ရွေးစင် အသင်းများကို ကိုယ်စားပြုကစားခွင့်ရှိနေသည်။ “ကလယ်ဟဲက ဇူလိုင် ၃၀ရက်က မြန်မာနိုင်ငံကိုယ်စားပြုကစားမယ်လို့ အဖွဲ့ချုပ်ကိုအကြောင်းပြန်လာပါတယ်။ သူ့အသက်က ၁၉နှစ်ပဲရှိသေးလို့ ဘယ်အသင်းမှာ ရွေးချယ်မလဲဆိုတာတော့ နည်းပြရဲ့ဆုံးဖြတ်ချက်က အဓိကကျပါတယ်။ သူနိုင်ငံသားဖြစ်ခွင့် ရဖို့အတွက်တော့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေနဲ့ညှိုနှိုင်းရဦးမှာပါ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုကျော်ကပြောသည်။
ကလယ်ဟဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တရားဝင်ဆက်သွယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မိသားစု၊ အေးဂျင့်နှင့်တိုင်ပင်ကာ မြန်မာနိုင်ငံကိုယ်စားပြုရန် ကစားသမားကရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို ထိုင်းလက်ရွေးစင်ဘောလုံးအသင်းနည်းပြ ကိုင်တီဆက်က စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ် နေသော်လည်း တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခြင်းမရှိသဖြင့် ကလယ်ဟဲက မြန်မာနိုင်ငံ ကိုရွေးချယ် ခဲ့ခြင်းလည်း ဖြစ်သည်။