အခြေခံဥပဒေပြင်ရေး ဆန္ဒစော၍မရကြောင်း တပ်ချုပ် ပြော

အခြေခံဥပဒေပြင်ရေး ဆန္ဒစော၍မရကြောင်း တပ်ချုပ် ပြော

နေပြည်တော်(မေ ၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်သင့်သည်များကို ပြင်ရမည် ဖြစ်သော်လည်း ဆန္ဒစော၍ မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၂ရက်တွင် ပြောဆိုလိုက်သည်။

“ပြီးပြည့်စုံသည်ဟု မဆိုနိုင်ဘဲ ပြင်သင့်သည်များကို ပြင်ရမည်ဖြစ်သော်လည်း ဆန္ဒစော၍မရကြောင်း၊ တိုင်းပြည်တွင်မရှိမဖြစ်လိုအပ်သည့် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုနှင့် လုံခြံုရေး တည်ငြိမ်အေးချမ်းမှုတို့အပေါ် မူတည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ယမန်နေ့ ညနေ ၃နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Mr. Robert Chua အား လက်ခံတွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားများ၏လိုအပ်ချက်ကို ဦးစားပေးပြီး လုပ်ဆောင်ပေးရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှ လည်း နိုင်ငံတော်အပေါ် ဆန့်ကျင်သည့်အမြင်များ၊ အထင်အမြင်လွဲမှားစေရန် ပြောဆိုမှုများကို ထိန်းသိမ်းရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားများသည် မိမိတို့လိုလားချက်ကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်မှလုံခြံုမည်ဆိုသည့် စိတ်များကို လည်း ပယ်ဖျောက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအခွင့်အရေးကို အကြောင်းပြ၍ သွေးထိုးမြှောက်ပင့်မှု များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို များစွာထိခိုက်စေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

င်၌ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Mr. Robert Chua ကလည်း “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လူမျိုးတိုင်း ရင်ထဲတွင်လိုလားကြကြောင်း၊ အားလုံးက မြန်မာစိတ်မွေး၍ အချင်းချင်း တိုင်ပင်ဆွေးနွေးမှု၊ ခွင့်လွှတ်နားလည်မှုများဖြင့် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်နိုင်ကြောင်း” အကြံပြု ဆွေးနွေးခဲ့သည်။

တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်ပဋိပက္ခမရှိစေရန် ခံယူချက်ဖြင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းတိုင်ပင်လုပ်ဆောင်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန်လေးစားမှုရှိခြင်းတို့ဖြင့် လုပ်ငန်းများအောင်မြင်ပြီး တိုင်းပြည်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly