ပြည်၊ မေလ ၂ ။ ။ ပြည် မြို့ ရွာဘဲနယ်မြေ ဖက်တန်းရပ်ကွက် အုတ်လမ်းကြား စံနန်းဦးဘုန်းကြီးကျောင်း နောက်ဘက်တွင် မေ ၂ ရက် နေ့လည် ၂ နာရီကျော်က နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့သည် ။
ဖက်တန်းရပ်ကွက် အုတ်လမ်းကြားနေ ဦးစိုးလွင်၏ နေအိမ်မှ ရေခဲသေတ္တာမီးဖြတ်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၂ ထပ်အိမ် ၂ လုံး၊ ၁ ထပ်အိမ် ၄ လုံး စုစုပေါင်း ၆ လုံးလောင်ကျွမ်း ခဲ့သည်။
"တက်တက်ပြောင်တာပေါ့ ။ ဒီဘက်အစွန်အိမ်တောင် ကံကောင်းလို့ " ဟု ရပ်ကွက်သားတစ်ဦးကပြောသည်။
အခင်းဖြစ်နေရာသို့ မီးသတ် ယာဉ် ၂၂ စီး ဖြင့် မီးသတ်တပ်ဖွဲ့ကလာရောက်ငြိမ်းသတ်ခဲ့ရပြီး ရဲ ၊ ကြက်ခြေနီ ၊ ရပ်ကွက် သူရပ်ကွက်သားများ နှင့် အတူမီးဝိုင်းဝန်း ငြိမ်းသတ်နေသည်။
မီးလောင်ကျွမ်းမှုကြောင့် ကျား၁၄ ဦး မ ၁၅ ဦး စုစုပေါင်း ၂၉ ဦး မီးဘေးဒုက္ခသည်ဖြစ်ခဲ့ရပြီး စံနန်းဦး ဘုန်းတော်ကြီးကျောင်းတွင်ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည်။
အဆိုပါဖြစ် စဉ်တွင် မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဦးစိုးလွင်ကို ပြည်မြို့မရဲစခန်းတွင် ပ-၁၀၃၁/၂၀၁၇ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။