လန်ဒန်၊ ဧပြီ ၂၇ ။ ။ ဗြိတိန်ပါလီမန်အပြင်ဖက်၌ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားပုံရသည့် ဓားဆောင်လာသူတစ်ဦးကို ဧပြီ ၂၇ ရက်က ဖမ်းဆီးရမိကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောသည်။
နောက်ကျောဖက်တွင် ဓားသိုဝှက်ယူဆောင်လာသည့် ၎င်းအား ဖမ်းဆီးမိရာတွင် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ၎င်းကို လက်နက်ကိုင်ဆောင်မှု၊ အကြမ်းဖက်ပြစ်မှုတို့ဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
“လက်နက်ကိုင်ဆောင်မှုနဲ့ အကြမ်းဖက်ပြစ်မှု သံသရှိမှုနဲ့ အဲဒီအမျိုးသားကို ဖမ်းဆီးထားပါတယ်။”ဟု လန်ဒန်ရဲတပ်ဖွဲ့က ၎င်းတို့၏ တရားဝင်တွစ်တာတွင် ရေးသားသည်။
ယခုဖမ်းဆီးမှုကို ဒေသစံတော်ချိန် ၂ နာရီ ၂၂ မိနစ်တွင် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ရပ်အတွင်း ဖမ်းဆီးရမိခြငး်ဖြစ်သည်။
ယခုဖမ်းဆီးမှုနှင့် နောက်ကွယ်က ချိတ်ဆက်ပတ်သက်မှုများကို လက်တလောမသိရသေးသော်လည်း တန်ပြန်အကြမ်းဖက်တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်နေကြောင်း စကော့တလန်ယာ့ဒ်အဖွဲ့က ပြောသည်။
“ကျွန်မတို့ရဲ့ ရဲတပ်ဖွဲ့၊ ကျွန်မတို့ရဲ့ ထောက်လှမ်းရေးနဲ့ လုံခြံုရေးတပ်ဖွဲ့တွေက ကျွန်မတို့အားလုံးရဲ့ လုံခြံုဘေးကင်းရေးအတွက် အချိန်ပြည့်သတိနိုးကြားရှိနေပါတယ်။”ဟု ၀န်ကြီးချုပ် ထရီဆာမေက ကျေးဇူးတင်ပြောဆိုသည်။
ယခုဖမ်းဆီးမှုသည် မတ် ၂၂ ရက်က အဆိုပါ ပါလီမန်တွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့၍ လူ ခြောက်ဦးသေဆုံးခဲ့ရပြီးနောက် နောက်ဆုံးဖြစ်ပွားသည့် အခင်းဖြစ်ရပ်လည်းဖြစ်သည်။
မတ် ၂၂ ရက်က တိုက်ခိုက်မှုတွင် အကြမ်းဖက်သမားက ကားဖြင့် ပါလီမန်အနီးက တံတားပေါ်က လူအုပ်အား လိုက်လံဝင်တိုက် တိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှု၌ အကြမ်းဖက်သမားအပါအဝင် လူခြောက်ဦး သေဆုံးခဲ့ရသည်။