ဧပြီ ၂၅ ။ ။ မြောက်ကိုရီးယားတို့နဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်လာနေချိန် ယခုအခါ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို ကိုရီးယားကျွန်းဆွယ်ဆီ ကို အမေရိကန်တို့ ထပ်မံစေလွှတ်လိုက်ပြန်တယ်လို့ သိရပါတယ်။
ဧပြီလ ၂၅ ရက်မှာပဲ ယင်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး မီချီဂန် ဟာ တောင်ကိုရီးယား ဘူဆန် ဆိပ်ကမ်းကို ဆိုက်ကပ်လာခဲ့ပါပြီဖြစ်ပါတယ်။ ယခု လာရောက်မှုဟာ ပုံမှန် လာရောက်လည်ပတ်မှုတစ်ခုသာဖြစ်တယ်လို့ အမေရိကန် ရေတပ်ကတော့ ပြောထားပါတယ်။
ဒါပေမယ့်လည်း လက်ရှိ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာမှုတွေ ပိုမို မြင့်တက်လာနေချိန်မှာ ကျွန်းဆွယ်ပြင်ပနဲ့ ဂျပန်ပင်လယ်တွင်းမှာ အမေရိကန်တို့ရဲ့ ရေတပ်အင်အားအတွက် ယခု ရေငုပ်သင်္ဘောကြီး ရောက်ရှိလာမှုက သိသာထင်ရှားတဲ့ တပ်ပေါင်းဖြည့်မှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး Carl Vinson နဲ့ တိုက်ခိုက်ရေးရေယာဉ်အုပ်စုဟာလည်း ဂျပန်ဖျက်သင်္ဘောနှစ်စင်း လိုက်ပါရင်း လာမယ့် တစ်ရက်နှစ်ရက်အတွင်း ဒေသဆီကို ရောက်ရှိလာတော့မယ်လို့ မျှော်လင့်ရပါတယ်။
လေယာဉ်တင်သင်္ဘောကြီး Carl Vinson ရောက်ရှိလာရင်တော့ ယခု ရေငုပ်သင်္ဘောကြီးဟာလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပူပေါင်းလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။