ဧပြီ ၂၂၊ နိုက်ဂျီးရီးယား ။ ။ နိုက်ဂျီးရီးယားနိုင်ငံတွင် မန်ယူပွဲကို ကြည့်ရှုနေသည့် ပရိသတ်များပေါ်သို့ ဓာတ်ကြိုးပြတ်ကျခဲ့သည့်အတွက် လူ ၃၀ နီးပါးသေဆုံးခဲ့ရသည်။
နိုက်ဂျီးရီးယားနိုင်ငံတောင်ပိုင်းရှိ ကာလာဘာမြို့တွင် မန်ယူအသင်းပရိသတ်များသည် ဘောလုံးပွဲပြသသည့်ရုံအတွင်း အခကြေးငွေပေးကာ စုဝေးကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။ ပွဲချိန် ၃၈ မိနစ်၌ အဆိုပါအဆောက်အဦအပေါ်သို့ ဓာတ်ကြိုးပြတ်ကျရာ လူပေါင်းများစွာထိခိုက်ဒဏ်ရာရစေခဲ့ပြီး လူ ၃၀ ဦးကို အသက်ဆုံးရှုံးစေခဲ့သည်။
တာဝန်ရှိသည့်ရဲအရာရှိတစ်ဦးက ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အနည်းဆုံး ရ ဦးသေဆုံးသည်ဟု အတည်ပြုခဲ့ပြီး ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ၎င်းအားဆေးရုံသို့မခေါ်ဆောင်သွားမီအထိ အလောင်း ၈ လောင်းတွေ့ရှိကြောင်းဆိုသည်။
ပြည်တွင်းသတင်းစာများကလည်း သေဆုံးသူအရေအတွက်ကို အမျိုးမျိုးဖော်ပြလျက်ရှိနေကြပြီး ဗြိတိန်အခြေစိုက် The Sun သတင်းစာက ၃၀ ဦးနှင့်အထက် သေဆုံးသည်ဟု ရေးသားခဲ့သည်။
မန်ယူအသင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တို့က အသက်ဆုံးရှုံးခဲ့ရသူများအတွက် များစွာဝမ်းနည်းရကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။
အဆိုပါဘောလုံးပွဲရုံမှာ ဥရောပဘောလုံးပွဲစဉ်များကို ပုံမှန်ပြသသည့်နေရာဖြစ်ကြောင်း သိရှိရသည်။
ရည်ညွှန်း သည်ဆန်း