နေပြည်တော်(ဧပြီ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ လာမည့် ဧပြီလ ၁၁ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်တောရွာနေ လူငယ် ၁၂ဦးတို့၏ ငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk ) ပြုလုပ်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)တွင် ပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းအတွက် တိုင်းနှင့်ပြည်နယ်အလိုက် လူငယ် ၁၂ဦးအား ရွေးချယ်ထားပြီးဖြစ်သည်။
“တောက ဖြစ်ရမယ်၊ ရွာကဖြစ်ရမယ်။ လယ်သမားဖြစ်ရမယ်၊ တောသူတောင်သားဖြစ်ရမယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ထိုက်သင့်တဲ့၊ သွက်သွက်လက်လက်၊ တိတိကျကျပြောနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့မူနဲ့ ပြည်နယ်တိုင်းအစိုးရတွေကနေတဆင့် တောင်းလိုက်တာ” ဟု စကားဝိုင်းတွင် ပါဝင်မည့် လူငယ်များရွေးချယ်မှုနှင့်ပတ်သက်ပြီး ဦးဇော်ဌေးက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်စစချင်း ဇန်နဝါရီ ၁ရက်နေ့က လူငယ်မူဝါဒရေးဆွဲရေးတွင်ပါဝင်သည့် လူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း စတင် ပြုလုပ်ခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ကလည်း ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် တိုင်းရင်းသားများနှင့် ပင်လုံငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့သေးသည်။