မြန်မာနိုင်ငံတွင် လူဦးရေ ၃သိန်းခန့် စိတ်ကျရောဂါ ခံစားနေရဟုဆို

မြန်မာနိုင်ငံတွင် လူဦးရေ ၃သိန်းခန့် စိတ်ကျရောဂါ ခံစားနေရဟုဆို
အခမ်းအနားတွင် ဒေါက်တာသန်းဝင်းက အမှာစကားပြောနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဧပြီ ရရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာနိုင်ငံရှိ လူဦးရေအားလုံးအနက် ၃သိန်းခန့်သည် စိတ်ကျရောဂါဝေဒနာ ခံစားနေရသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောသည်။

“ကလေးမွေးဖွားပြီး မီးတွင်းမိခင်တွေ၊ တီဘီရောဂါဝေဒနာရှင်တွေနဲ့ သက်ကြီးဘိုးဘွားများမှာ စိတ်ကျဝေဒနာခံစားနေရခြင်း ရှိတာကို သုတေသနလေ့လာချက်တွေအရ တွေ့ရှိရပါတယ်” ဟု ဒေါက်တာသန်းဝင်းက ပြောသည်။

နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရုံးတွင် ဧပြီ ရရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ၂၀၁၇ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အခမ်းအနားတွင် ဒေါက်တာသန်းဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယနေ့ကျရောက်သည့် ကမ္ဘာ့ကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ ‘စိတ်ကျဝေဒနာ ပြောဆိုတိုင်ပင်ဆွေးနွေးပါ’ ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူဦးရေ ၁၀၀၀လျှင် ၅ဒဿမ ရယောက်နှုန်း စိတ်ကျရောဂါ ဖြစ်ပွားနေကာ ရောဂါဖြစ်ပွားနေသူ အများစု ကျန်ရှိနိုင်သေးသည်ဟု ဒေါက်တာသန်းဝင်းက ပြောသည်။

“စိတ်ကျရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်လာရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ပြည်သူတွေမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတ နည်းပါးတာ။ သတိမထားမိတာတွေ ရှိနေပါတယ်။ စိတ်ကျရောဂါလို့ သတိထားမိသည့်တိုင်အောင် မိမိကိုယ်ကို ဒါမှမဟုတ် မိသားစုများက ဒီရောဂါလို့ လက်မခံနိုင်ကြတာ။ လက်မခံချင်ကြတာတွေလည်း ရှိနေပါတယ်။ ရောဂါလို့ လက်ခံလာသည့်တိုင်အောင် စိတ်ကျရောဂါကို အခြားရောဂါ(ဥပမာ- အတက်ရောဂါ၊ မီးယပ်ရောဂါ)များနှင့် ရောထွေးပြီး ကုသမှုခံယူကြတာတွေလည်း ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

စိတ်ကျန်းမာရေးပြဿနာရပ်များအနက် စိတ်ကျဝေဒနာသည် တကမ္ဘာလုံးအတိုင်းအတာတွင် အများဆုံးဖြစ်ပွားလျက်ရှိပြီး “စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်ပွားနေမှုနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို လျစ်လျူရှုထားလို့မရဘူး” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ပြထားသည်။

စစ်တမ်းများအရ ကမ္ဘာတဝှမ်းတွင် စိတ်ကျရောဂါ ခံစားနေရသူပေါင်း ၃၂၂သန်းရှိပြီး ၁၀နှစ်အတွင်း စိတ်ကျရောဂါဝေဒနာရှင် အရေအတွက် ၁၈ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

အဆင်မပြေမှုများ ကြံုတွေ့လာရသည့်အခါ အချို့သူများတွင် စိတ်ဓာတ်ကျဆင်းသလို ခံစားကြရပြီး ဝေဒနာ ပြင်းထန်လွန်းပါက ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြံစည်သည့် အခြေအနေထိ ဖြစ်ပေါ်လေ့ရှိသည်ဟု ဒေါက်တာသန်းဝင်းက အခမ်းအနားတွင် ပြောသည်။

ကမ္ဘာတဝှမ်းလုံးတွင် လူဦးရေ ၈သိန်းနီးပါးခန့်သည် နှစ်စဉ် မိမိကိုယ်ကို အဆုံးစီရင်လျက်ရှိနေသည်ဟုလည်း ဒေါက်တာသန်းဝင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly