စစ်တွေက သတင်းသမားနေအိမ် CCTV တပ်ဆင်ထားမှု ဖြုတ်သိမ်းရန် ညွှန်ကြားခံရ

စစ်တွေက သတင်းသမားနေအိမ် CCTV တပ်ဆင်ထားမှု ဖြုတ်သိမ်းရန် ညွှန်ကြားခံရ
ဓာတ်ပုံ - အောင်နိုင်စိုး/DPA

စစ်တွေ၊ ဧပြီ ၅ ရက် ။                 ။ စစ်တွေက သတင်းသမားတစ်ဦး၏ နေအိမ်တွင် လုံခြုံရေးအရ တပ်ဆင်ထားရှိသည့် CCTV ကင်မရာများအား အမြန်ဆုံး ဖြုတ်သိမ်းပေးရန် သက်ဆိုင်ရာမှ သတိပေးစာပေးပို့ခဲ့ကြောင်း အဆိုပါ သတင်းသမားက ပြောသည်။

“ကျနော့်ရဲ့ တသီးပုဂ္ဂလ လုံခြုံရေးအရ စီစီတီဗီတပ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ဒီလို တပ်ဆင်ထားရှိမှုကြောင့်လည်း မှုခင်း ကျူးလွန်မဲ့သူတွေကလွဲရင် ဥပဒေအောက် သန့်ရှင်းစွာ နေထိုင်သူ ဘယ်နိုင်ငံသား၊ ဘယ်ပြည်သူကိုမဆို အနှောင့်ယှက်ဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ စီစီတီဗီ တပ်ဆင်ခွင့်မရှိဘူးဆိုပြီးမှ အမြန်ဆုံး ဖြုတ်သိမ်းပေးဖို့ သတိပေးစာကို ဒီနေ့မှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမျိုးမြတ်ဟိန်းကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ပေးပို့လာတာဖြစ်ပါတယ်။” ဟု သတင်းထောက် ကိုမင်းမင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁) ရဲစခန်း၊ စခန်းမှူး ဒုရဲမှူး ရန်နိုင်လတ်ကို ဆက်သွယ်မေးမြန်းရာတွင် “နိုင်ငံသားတစ်ဦးအနေနဲ့ စီစီတီဗီ တပ်ဆင်ခွင့်ရှိပါတယ်။ ဒီ စာထုတ်တာ ကျနော်တို့လည်း မသိပါ။ ဒါပေမဲ့ ဘာဖြစ်ဖြစ် အသုံးပြုခွင့်အတွက် ပြည်နယ်အဆင့် တာဝန်ရှိသူတွေကို လိပ်မူပြီး စာတစ်စောင်ပေးပို့ဖို့ သူ့ကို (ကိုမင်းမင်းအား) တိုက်တွန်းထားပါတယ်။” ဟု ပြောသည်။

စီစီတီဗီတပ်ဆင်ထားရှိသည့် သတင်းသမားသည် ရခိုင်ပြည်နယ်အခြေစိုက် Root Investigative Agency (RiA) ၏ အယ်ဒီတာချုပ်နှင့် အထွေထွေမန်နေဂျာဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ (၁၀) ရက်က စစ်တွေရှိ သူ့နေအိမ်အား ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသည် အထိ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုနှင့် ကြုံတွေ့ခဲ့ရသူလည်း ဖြစ်သည်။

“စီစီတီဗီ တပ်ဆင်ထားမှုအပေါ် ခုလို ကန့်သတ်မှုတင်မက ဖြုတ်သိမ်းပေးဖို့ အမိန့်ပေးလာတဲ့အပေါ် ရခိုင်ပြည်နယ်ရဲ့ လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးရေးအပေါ် အစိုးရအဖွဲ့က ဘယ်လောက် အာမခံချက်ပေးနိုင်သလဲဆိုတာနဲ့ပဲ အဖြေရှာသင့်ပါတယ်။ ဒီလို အမိန့်ပေးခြင်းက နိုင်ငံသားတစ်ဦးအပေါ် မျှတမှုရှိရဲ့လားဆိုတာ အစိုးရအဖွဲ့အနေနဲ့ ထည့်သွင်း စဉ်းစားပေးစေချင်ပါတယ်။ ဒါ့အပြင် ပြည်သူတစ်ဦးရဲ့ လုံခြုံမှုအတွက် အစိုးရအဖွဲ့က အာမခံချက်မပေးနိုင်ကြောင်း မြန်မာနိုင်ငံရဲ့ လတ်တလော အကြမ်းဖက်မှုတွေက အထင်အရှား သက်သေတွေပါ။ ဒါကြောင့်မို့ စီစီတီဗီတပ်ဆင်မှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကြည်ဖြူစွာ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။” ဟု ကိုမင်းမင်းက ပြောသည်။

ရခိုင်သတင်းသမား ကိုမင်းမင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရမှုတို့ အပေါ် မြန်မာအစိုးရ အနေဖြင့် လိုအပ်သည့် အကာအကွယ်များ   ပြုလုပ်ပေးရန်   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အပါအဝင် အမေရိကန်နိုင်ငံအခြေစိုက် သတင်းသမားများ ကာကွယ်ပေးရေးအဖွဲ့ CPJ နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF တို့က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လက အသီးသီးကြေညာချက်ထုတ် တောင်းဆိုခဲ့ကြဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly