ဘိုဂိုတာ၊ ဧပြီ ၅ ။ ။ ကိုလံဘီယာနိုင်ငံတောင်ပိုင်း မိုကိုယာမြို့တွင် ဖြစ်ပွားသော မြေပြိုမှုတွင် သေဆုံးသူဦးရေက ၂၉၀ အထိ ရှိသွားပြီဖြစ်ကြောင်း အမျိုးသားဆေးဝါးနှင့် မူခင်းဆေးသိပ္ပံဌာနက ဧပြီ ၄ ရက်တွင် ထုတ်ပြန်သည်။
“မြေပြိုမှုမှာ သေဆုံးသူတွေ အလောင်းခွဲစိတ်မှု ပြုခဲ့တာ ၂၉၀ အထိ ရှိပါတယ်။ ဒီထဲက ၁၈၆ လောင်းက မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ပြီး ၁၆၁ လောင်းကိုတော့ သက်ဆိုင်ရာမိသားစုတွေက လာထုတ်သွားပြီဖြစ်ပါတယ်။”ဟု ထုတ်ပြန်ချက်က ဆိုသည်။
မိုကိုယာမြို့တွင် မတ် ၃၁ ရက် ညက မိုးသည်းထန်စွာရွာ၍ မြို့ကို ဖြတ်သန်းစီးဆင်းနေသော မြစ်သုံးစင်းတွင် မြစ်ရေလျှံမှုများ ဖြစ်ရာမှ ရွံ့မြေပြိုကျမှုကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေပြိုမှုတွင် ထိခိုက်ဒဏ်ရာရသူပေါင်းက ၂၆၂ ဦးရှိကြောင်း ကိုလံဘီယာကြက်ခြေနီအဖွဲ့က ထုတ်ပြန်သည်။