ရန်ကုန်၊ ဧပြီ ၄ ။ ။ ၂၀၁၇ ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ ၁၉၆၆၇ မဲ နဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ချောင်းဆုံဇာတိဖြစ်ပြီး အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းကို မဲ ရ၀၀၀ ကျော်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်တယ်။
သူအနိုင်ရရှိခဲ့တာက ချောင်းဆုံတံတားနာမည်ပေးတာနဲ့ ပတ်သက်တယ်လို့ ပြောဆိုကြတာတွေရှိနေပေမယ့် သူကတော့ သူအနိုင်ရခဲ့တာဟာ အဲ့ဒီ့တံတားကိစ္စနဲ့ မပတ်သက်သလို မဲဆွယ်စဉ်ကလည်း ပြည်သူတွေဆီက အဲ့လိုမျိုးမေးတာကိုလည်း မကြံုခဲ့ရဘူးလို့ဆိုပါတယ်။
သူ့အနေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ အလုပ်အကိုင်ရရှိရေးကို ဦးစားပေးလုပ်ပေးဖို့ ဒေသခံတွေကို ဂတိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
မဇ္ဈိမသတင်းထောက် စိုးသူအောင်က သူဘာတွေထပ်လုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ရွေးကောက်ပွဲနေ့က မဲပေးတဲ့အခြေနေကရော ဘယ်လိုရှိခဲ့လည်းခင်ဗျ။
ဖြေ။ ။ မဲကတော့ အကုန်လုံးကတော့ ခါတိုင်းထက်စာရင်တော့ နည်းနည်း နည်းတာပေါ့နော်။ နဂိုတည်းကိုက ၅၀ ရာခိုင်နူန်းရောက် တခါတလေကျရင် ၅၀ နည်းနည်းကျော်တာပေါ့။ အဲ့လောက်ပေးတာပေါ့နော်။ အခုက
အဲ့ထက်ကို ပြန်နည်းသွားတာပေါ့နော်။ ၅သောင်းတောင်မပြည့်တော့ဘူးပေါ့။ အရင်တုန်းက ၅သောင်း ၃ထောင်လောက်ရှိတယ် အခု ၅သောင်းမပြည့်ဘူး။ မဲပေးတဲ့အချိန်မှာ။
မေး။ ။ NLD အစိုးရလက်ထက်မှာ ပြိုင်ဘက်ပါတီဖြစ်တဲ့ USDP ကနေ ဝင်ပြိုင်ခဲ့ပြီး အခုလို အနိုင်ရခဲ့တာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ။ ။ အဓိက ကတော့ ပြည်သူတွေကနေပြီးတော့ ကျွန်တော့်ကိုယုံကြည်မှုရှိလို့ လို့ပဲယူဆတာပေါ့။ ကျွန်တာ်က စည်းရုံးရေးဆင်းတယ် ပြည်သူတွေနဲ့ထိတွေ့တယ်။ ရွာတွေတော်တော်များများ သွားခဲ့တယ်။ အချိန်အများကြီးပေးခဲ့တယ်။ အဲ့အတွက် ၅၅ ရက်လောက် သွားတွေ့တယ်။ အဲ့မှာ ယုံကြည်မှုတွေ တည်ဆောက်လို့ရသွားတာပေါ့။
မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရတာ ဗိုလ်ချုပ်အောင်ဆန်းတံတားနာမည်ပေးတဲ့ကိစ္စနဲ့ရော ပတ်သက်နေမလား။
ဖြေ။ ။ တချို့ကျတော့ အဲ့လိုပဲထင်ကြတယ်။ ကျွန်တော်တော့ မထင်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတံတားနာမည်နဲ့ပက်သက်ပြီးတော့ ပြည်သူတွေကနေပြီး ကျွန်တော် စည်းရုံးရေးဆင်းတဲ့အချိန်မှာ မေးတာမြန်းတာ ပြောတာ ဆိုတာ တစ်ခုမှမတွေ့ဘူး။
မေး။ ။ ချောင်းဆုံဇာတိလည်းဖြစ်တော့ ချောင်းဆုံမှာ ဘာတွေအဓိက လိုအပ်နေတာရှိတယ်လို့ မြင်လဲ။
ဖြေ။ ။ လိုအပ်ချက်ကတော့ လယ်သမားတွေနဲ့ စိုက်ပျိုးရေးသမားတွေပေါ့နော်။ ခြံဘာညာ အဲ့တာတော့များတာပေါ့။ အဲ့တာကြောင့် စစခြင်းပေါ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတတ်အောင်၊ လယ်သမားတွေကိုဆောင်ရွက်ပေးမယ်ဆိုပြီးတော့ နံပတ် တစ် ဦးစားပေးအနေနဲ့ ကျွန်တော် စည်းရုံးခဲ့တယ်ပေါ့နော်။ သူတို့လိုအပ်ချက်က အဲ့တာတွေရှိမှာပေါ့။ နောက်တစ်ခုလိုအပ်ချက်ကတော့ ကျွန်တော်တို့ဆီမှာ အလုပ်အကိုင် အခွင့်မရှိလို့ နိုင်ငံခြားထွက်သွားကြတာပေါ့။ အဲ့လိုနိုင်ငံခြားထွက်သွားကြတော့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ကူညီဆောင်ရွက်ပေးမယ်ဆိုပြီးတော့ စည်းရုံးရေးဆင်းကတည်းကိုက ကတိစကားပေးခဲ့တာရှိတယ်။ ဒီနှစ်ချက်ကို အဓိကထားပြီးတော့မှာ စည်းရုံးတာပေါ့နော်။ သူတို့ရဲ့လိုအပ်ချက်ကတော့ အဓိက အဲ့ဒီ့နှစ်ချက် ဖြစ်ပါတယ်ဗျ။
မေး။ ။ ရွေးကောက်ပွဲမှာ အနိုင်ရပြီဆိုတော့ အနိုင်ရတဲ့ကိုယ်စားလှယ်တွေကို ပါတီက ဘယ်လိုလုပ်ပေးပါဆိုပြီး မူဝါဒချမှတ်ထားတာမျိုးရှိလား။
ဖြေ။ ။ မရှိပါဘူးခင်ဗျ။ ကျွန်တော်လည်း ပြည်နယ်ပါတီဥက္ကဌလည်းဖြစ်တာပေါ့နော်။ အဲ့တော့ကျွန်တော်တို့ကတော့ ပါတီရဲ့ဦးဆောင်မှုနဲ့ပဲ ရှေ့ဆက်ပြီးတော့မှ ဆောင်ရွက်ဖို့ရှိမှာပေါ့။ ဘာလုပ်ပေးမယ်ဆိုပြီး အခုထိတော့ ပါတီဌာနချုပ်က ညွန်ကြားထားတာလည်းမရှိဘူး။ မူဝါဒတွေချထားတာလည်း မရှိပါဘူးခင်ဗျ။
မေး။ ။ USDP က ဝင်ပြိုင်တာဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရောက်ရင် USDP အနေနဲ့ဘယ်လိုကြံုတွေ့လာနိုင်တယ်လို့မြင်လဲ။
ဖြေ။ ။ အဲ့အချိန်ကျလာရင် တော်တော်များများကတော့ ကြိုးစားရမှာပေါ့နော်။ အဓိကကတော့ NLD နဲ့ပဲထပ်ပြီးတော့မှ ကျွန်တော်တို့ ထပ်ပြီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မေး။ ။ အနိုင်ရကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီချောင်းဆုံမြို့နယ်အတွက် ဘာတွေကို ဘယ်လောက်ထိလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားလဲ။
ဖြေ။ ။ အတိုက်အခံပါတီတစ်ခုအနေနဲ့ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လုပ်ရမယ့် တာဝန်ဝတ္တရားတွေရှိမှာပဲ။ အဲ့တာတွေကိုတော့ ကျေပွန်အောင်ထမ်းဆောင်မှာပေါ့။ အဲ့ဒီ့အပြင်ကို ခုနက ကတိခံထားတဲ့ပုံစံမျိုးပေါ့ ကူညီဆောင်ရွက်ပေးမယ့်ကိစ္စတွေ ဆက်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက် ပြီးတော့မှ ကူညီဆောင်ရွက်ပေးမှာပေါ့။
မေး။ ။ ဖြည့်စွက်ပြောလိုတာရှိလားခင်ဗျ။
ဖြေ။ ။ တစ်ခြားတော့မရှိပါဘူး။ ကျွန်တော့်ကို ဆန္ဒမဲပေးကြတဲ့ပြည်သူတွေကိုကျေးဇူးတင်တယ်ပေါ့နော်။ ကျွန်တော်လည်း ကတိပေးထားတဲ့အတိုင်းကြိုးစားပြီးဖြည့်ဆည်း ပေးပါမယ်။