ပါကစ္စတန် စျေးတစ်ခု၌ ကားဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ၂၂ ဦးထက်မနည်း သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

ပါကစ္စတန် စျေးတစ်ခု၌ ကားဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ၂၂ ဦးထက်မနည်း သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

မတ် ၃၁ ။             ။ ပါကစ္စတန်နိုင်ငံရှိ ရှီးဟိုက်မျိုးနွယ်စုများ နေထိုင်ရာဒေသတစ်ခုရှိ စျေးတစ်ခု၌ မတ်လ ၃၁ ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၂၂  ဦး သေဆုံး၍ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ယင်း ကားဗုံးခွဲတိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့က ထုတ်ပြောထားသည်ဟုလည်း သိရသည်။

Kurram ဒေသရှိ Parachinar တွင် ဖြစ်ပွားသော ယင်းဖြစ်စဉ်အတွင်း ဒဏ်ရာရသူများကို အချိန်မီ ကယ်ဆယ်နိုင်ရန် စစ်ရဟတ်ယာဉ်တစ်စင်း လွှတ်ထားကြောင်း စစ်တပ်က ပြောသည်။ ရုပ်သံပြကွက်များအရ ဗုံးပေါက်ကွဲခဲ့သည့် နေရာတွင် ထိတ်လန့်တုန်လှုပ်နေသူများ စုဝေး ရပ်ကြည့်နေကြပြီး လူနာတင်ယာဉ်များ သွားလာနေသည်ကို တွေ့ရသည်။

ယခုအခါ ယင်းနိုင်ငံတွင် ဖေဖော်ဝါရီလက စစ်သွေးကြွတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရပြီးနောက် ယခုဖြစ်စဉ်မှာ နောက်ဆုံးပေါ်ပေါက်လာသော ဖြစ်စဉ်လည်း ဖြစ်သည်။

" ၂၂ ဦး သေတယ်၊ ၅၇ ဦး  ဒဏ်ရာရတယ်၊ ဒါလောလောဆယ်ထိ ရထားတဲ့စာရင်းပါ" ဟု ဒေသအာဏာပိုင်တစ်ဦးက ပြောသွားသည်။

" ဖြစ်တာက ကားဗုံးကွဲတာပါ၊ ဒီကားကို စျေးနားမှာ ရပ်ထားတယ်လို့ သိရတယ်၊ အသေခံ ဖောက်ခွဲသွားတာလား ဘာလားဆိုတာတော့ သေချာမသိရသေးပါဘူး" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယခု တိုက်ခိုက်မှုနှင့်ပတ်သက်၍ ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ် နှင့် ရှီးဟိုက် ခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly