ချင်းမိုင်၊ မတ် ၂၇ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မတ်လ ၂၈ ရက်တွင် ရောက်ရှိမည်ဖြစ်ကာ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကို သွားရောက်မည်ဟု သိရသည်။
အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးဦးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် မြစ်ကြီးနားမြို့ရှိ ကချင်စစ်ပြေး ဒုက္ခသည်များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့မှ အမည်မဖော်လိုသူ ပါတီဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
“ခရီးစဉ်မှာ စစ်ရှောင်စခန်းသွားမယ်။ ဆေးရုံကြီးကိုသွားမယ်လို့ပြောတယ်။ ကျန်တာတော့ မသိသေးဘူး။ မနက်ဖြန် ၉ နာရီလောက် မြစ်ကြီးနားရောက်မယ်။ နိုင်ငံတော်အဆင့်ဆိုတော့ လေယဉ်ကွင်းမှာ လူထုတွေနဲ့ကြိုဆိုမယ်။ အစိုးရအဖွဲ့တွေလည်း ကြိုဆိုတာတွေရှိမယ်”ဟု ၎င်းက ပြောသည်။
မတ် ၂၈ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြစ်ကြီးနားမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ ကချင်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိနေသည်။ တွေ့ဆုံမှုမှာ အဓိကအားဖြင့် ကချင်တိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်သည့်အနေဖြင့် လာရောက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်မည်ဟု ထင်မြင်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်စွန်က မဇ္ဈိမကို ပြောသည်
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ကချင်တိုင်းရင်းသားတွေ၊ လူမှုအဖွဲ့အစည်းတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့မယ်။ သူ့အနေနဲ့ ခင်မင်မှုရဖို့၊ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အကောင်အထည်ဖော်ဖို့ လာရောက်တွေ့ဆုံတယ်လို့ပဲ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
ကချင်စစ်ပြေးဒုက္ခသည်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား တင်ပြမည့် အကြောင်းအရာများကို ယနေ့ မတ်လ ၂၇ရက် ညနေတွင် ဆွေးနွေးသွားမည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက်ကာ စစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး အလှူငွေ ကျပ်သိန်း ၃၀၀၊ ဆန်နှင့် အဝတ်အစားများ လှူဒါန်းခဲ့သည်ဟု သိရသည်။
နိုင်ငံတော်အစိုးရက ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်သိန်းပေါင်း ၃၀၀၀ လှူဒါန်ခဲ့သေးသည်။