ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးသူ လက်ကျိုးပြီး ဆေးရုံတက်နေရ

ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးသူ လက်ကျိုးပြီး ဆေးရုံတက်နေရ
(ဓာတ်ပုံ- Zaw Htoo Aungဖေ့စ်ဘုတ်)

မြန်အောင်၊ မတ် ၂၂ ။               ။ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သဲကုန်းတာခွကျေးရွာရှိ ဗိုလ်ချုပ်ရုပ်ထုအား တူ၊ တံဇဉ်များဖြင့် ဖျက်ဆီးခဲ့သူမှာ စိတ်မနှံ့သူဟု ကနဦးသိရကြောင်း တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်စုစုအောင်က မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်ရုပ်ထုကို မတ်လ ၂၁ရက် နေ့လည်က ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

"ကျွန်မကြားရ စိတ်မနှံသူတစ်ယောက်က သံတုတ်နဲ့ တံဇဉ် လာရောက်ဖျက်ဆီးတာပေါ့၊ ရွာသားတွေ ဝိုင်းဖမ်းပြီး ရဲလက်ထဲအပ်လိုက်တယ်။ လက်ရှိမှာ သူက ကြေးရုပ်ပေါ်ကပြုတ်ကြပြီး လက်မောင်းရိုးကျိုးပြီး ဆေးရုံမှာတက်နေတယ်။ သူရူးခြင်း၊ မရူးခြင်းက တရားရုံးကအဆုံးအဖြတ်ပေါ်မူတည်ပါတယ်” ဟု မြန်အောင်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်စုစုအောင်က ပြောသည်။

အဆိုပါရုပ်ထုကို အလှူရှင်တစ်ဦးတည်းက မတည်ပြီး ဆောက်လုပ်ခဲ့တာဟု သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်၊ မော်လမြို့မြို့နယ် နှင့် ချောင်းဆုံမြို့နယ်ကြားက သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးမည်ဟု လွှတ်တော်က အတည်ပြုခြင်းကို ဒေသခံများက အပြင်းအထန်ကန့်ကွက်နေချိန်တွင် မြန်အောင်မြို့နယ်တွင်လည်း ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

"ကျွန်မတို့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ချောင်းဆုံကိစ္စ၊ ဟင်္သာတခရိုင်အတွင်း ကြံခင်းမှာ ဆေးကြောင်တဲ့သူက ဗိုလ်ချုပ်ရုပ်ထုဖျက်ဆီးတယ်။ ကျွန်မတို့ မြန်အောင်မှာ စိတ်မနှံသူက အခုဖျက်ဆီးတဲ့ တွေးတောစရာဖြစ်နေတယ်"ဟုလည်း ဒေါ်စုစုအောင်က ပြောသည်။

မြန်အောင်မြို့နယ်၊ သဲကြီးကုန်း တာခွကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမန်းဂျော်နီက ၂၀၁၆ခုနှစ် ဇွန်လ ၃ရက်က ဖွင့်လှစ်ပေးခဲ့သည်။

ကြံခင်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ၂ဝ၁၅ခုနှစ်၊ ဇူလှိုင်၂၀ရက် နံနက်ပိုင်းက ဦးခေါင်းကို လှည့်ချိုးကာ ဖျက်ဆီးခဲ့ပြီး ရုပ်ထုတွင် ဂါရဝပြုထားသည့် လွမ်းသူ့ပန်းခွေများကိုလည်း ဖျက်ဆီးခဲ့သည်။ အာဇာနည်နေ့တွင် ကြံခင်းမြို့၌ ဖွင့်ပွဲလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဦးခေါင်းအား ဖျက်ဆီးသူ ဦးဖြိုးကျော်ဌေး (ခေါ်) ကိုဖြိုးကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူပြီး ထောင်ဒဏ်ခုနှစ်ကျသွားကြောင်း ကြံခင်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးသော်ဇင်ဝင်းပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly