နေပြည်တော်(မတ်လ ၂၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ကုလသမဂ္ဂလုံခြံုရေးကောင်စီ၏ အသစ်ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်များနှင့်ကိုက်ညီစေရန် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ခုနှစ်အတွင်း ပြဌာန်းခဲ့သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြန်လည်ပြင်ဆင်မည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။
“ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေကြမ်းကိုလည်း ၂၀၁၇ခုနှစ်အတွင်း လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက် လျာထားဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် မတ်လ ၂၁ရက်က ပြုလုပ်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမှတ်စဉ် (၁/၂၀၁၇) အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြန်လည်ပြင်ဆင်ရေးအတွက် ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကို တာဝန်ပေးအပ်ထားသည်ဟုလည်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းအား ထိရောက်အောင်မြင်စွာ လုပ်ဆောင်ရန်လိုသည်ဟုလည်း အစည်းအဝေးတွင် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။