ရီယိုဒီဂျနေးရိုး၊ မတ် ၁၈ ။ ။ ဘရာဇီးနိုင်ငံမှာ အသားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ချို့ဟာ ဆေးဝါးသုံးပြီး နှစ်ရှည်ပုပ်သိုးအသားတွေ ရောင်းချနေတယ် စွပ်စွဲချက်တွေ ထွက်ပေါ်ပြီးနောက်မှာ အစိုးရတာဝန်ရှိသူ ၃၃ ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။
ကမ္ဘာမှာ အသားစိမ်းတင်ပို့တဲ့ အကြီးဆုံးနိုင်ငံမှာ ခုအရှုပ်တော်ပုံကြောင့် အသားထုတ်လုပ်ရောင်းချရာ ကုမ္ပဏီကြီးသုံးခုကို ပိတ်သိမ်းလိုက်ပြီး အခြား ၂၁ ခုကိုလည်း စစ်ဆေးလျက်ရှိနေပါတယ်။
ထိုကုမ္ပဏီများက ထုတ်လုပ်အသားများကို ဥရောပနှင့် အခြားသော ကမ္ဘာ့နေရာတွေကို တင်ပို့ရောင်းချနေတာလို့ သိရပါတယ်။
ခုလို နှစ်ရှည်ပုပ်သိုးအသားတွေကို ဆေးဝါးသုံးပြီး ထုတ်လုပ်ရောင်းချနေသည့် အသားတင်ပို့ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့နိုင်ရေးအတွက် ဘရာဇီးစိုက်ပျိုးရေးဝန်ကြီး ဘလိုင်ရိုမာဂီက မတ် ၂၀ ရက်တွင် နိုင်ငံခြားသံတမန်ကြီးတွေနဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။
ဘရာဇီးပြည်နယ်ခြောက်ပြည်နယ်မှာ နှစ်နှစ်တာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ကုမ္ပဏီတွေကို ၀င်ရောက်စီးနင်းတဲ့ စစ်ဆင်ရေးကို မတ် ၁၇ ရက်အစောပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီတွေက ညွန့်ပေါင်းအစိုးရရဲ့ ပါတီနှစ်ရပ်ထံ လာဘ်ပေးမှုများ ရှိနေကြောင်းလည်း အစိုးရရှေ့နေများက ပြောထားပါတယ်။
ဗဟိုရဲတပ်ဖွဲ့က နေရာပေါင်း ၁၉၄ နေရာကို ၀င်စီးပြီး တာဝန်ရှိပေါင်း ၁၀၀၀ ကျော်ကို ဖြန့်ကြက်ချထားကြောင်း သိရပါတယ်။
“အသားတွေကို တာရှည်ခံတင်းမာနေအောင်လို့ အက်ဆစ်နဲ့ အခြားဓာတုဓာတ်တွေ သုံးထားတယ်။ တစ်ချို့ ထုတ်ကုန်တွေမှာဆိုရင် ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါ ပါနေတယ်။”လို့ ရဲက အတည်ပြုပြောခဲ့ပါတယ်။