ယင်းမာပင်၊ မတ်လ ၁၇ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဇီးတောကျေးရွာ၌ နှစ်စဉ်ကျင်းပပြုလုပ်သော အမေကြီးပွဲ(ခေါ်)အမေရေယာဉ်နတ်ပွဲမှာ လာရောက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပွဲကို တပေါင်းလပြည့်ကျော်( ၁)ရက် နေ့မှ (၈)ရက်နေ့အထိ ကျင်းပပြီး အနယ်နယ်အရပ်ရပ်မှ ယုံကြည်သူများလာရောက်ကြကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှသိရသည်။
“လပြည့်ကျော် ၄ ရက်ကနေ ရ ရက်နေ့အထိကတော့ အစည်ဆုံးပဲ ” ဟု ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်သန်းက မဇ္စျိမသို့ ပြောသည်။
ပွဲစျေးမှာ ဧက ၃၀ ကျော် ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၁၅၀၀ ကျော်လာရောက်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရကာ ဆယ့်နှစ်ပွဲစျေးသည်များမှာ တပေါင်းလဆန်း ၁၀ ရက်မှ စတင်ရောက်ရှိကြကြောင်း သိရသည်။
“အိုးပုတ်၊ ချိုးရုပ်ဆိုတာ ပွဲစျေးတွေမှရတော့ ကလေးတွေက လိုချင်ကြတယ်လေ။ အဲတော့ အရောင်းအဝယ်အဆင်ပြေပါတယ်” ဟု ဆားလင်းကြီးမြို့နယ်မှ မြန်မာ့ရိုးရာကစားစရာအရုပ်များလာရောက်ရောင်းချသော ကိုဟန်ဇော်ဝင်းက ပြောသည်။
အမေရေယဉ်ပွဲသို့ လာရောက်ကြသော ကား၊ ဆိုင်ကယ်များကြောင့် ယင်းမာပင်မြို့မှ ဇီးတောအထိလမ်းပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ အမေကြီးပွဲအား ယင်းမာပင်မြို့နယ်ရဲတပ်ဖွဲ့မှ အတွင်း စည်းလုံခြံုရေးနှင့်အပြင်စည်းလုံခြံုရေးပေး၍ ဆောင်ရွက်လျက်ရှိကြောင်း ရဲအုပ်ကိုတင်မောင်လတ်က ဆိုသည်။
လူအများ စည်ကားစွာ လာရောက်ကြ၍ ယင်းမာပင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနမှလည်း အရေးပေါ်ဆေးပေးခန်းတစ်ခု ပွဲစျေးခင်းအတွင်း ဖွင့်လှစ်ထားသည်။
အမေရေယာဉ်နတ်ပွဲသည် ပုဂံခေတ်အလောင်းစည်သူမင်းလက်ထပ်မှစ၍ ဘိုးဘွားစဉ်ဆက် ယုံကြည်ဆက်သကြသော ပွဲတစ်ခုဖြစ်ကြောင်းသိရသည်။
“ ရိုးရာအနေနဲ့ ဘိုးဘွားစဉ်ဆက်လာရောက် ဆက်သကြတာဆိုတော့ နှစ်စဉ်လိုလိုလာရောက်ဖြစ်ပါတယ်” ဟု ရေစကြိုမြို့နယ်မှ နတ်ပွဲလာရောက်ဆက်သသူ ဦးပြူးက ဆိုသည်။