ရန်ကုန်၊ မတ် ၁၇ ။ ။ ကိုကိုးကျွန်းအနီး တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Combined Fleet Exercise) လုပ်ဆောင်မည်ဖြစ်၍ အဆိုပါ ဧရိယာအတွင်း ကုန်တင်စက်လှေနှင့် ငါးဖမ်းလှေများမသွားလာကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သတိပေးထုတ်ပြန်သည်။
ထိခိုက်မှုမဖြစ်စေရန် စစ်ရေးလေ့ကျင့်မည့် ဧရိယာမှ ၅မိုင်ပတ်လည်အတွင်း မလာကြရန် သတိပေးထားခြင်းလည်းဖြစ်သည်။
မတ်လ ၂၃ ရက်မှ မတ်လ ၃၁ ရက်အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများကို ကိုကိုးကျွန်းရေပြင်တွင် လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၀မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအားသတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက် နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
သင်္ဘောကြီး/ ငယ်များ၊ ကုန်တင်/ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ် သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမပြုလုပ်ကြရန် တပ်မတော်မှထုတ်ပြန်ခြင်းထားခြင်းဖြစ်သည်။
ထုတ်ပြန်စာတွင် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀(တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန်လည်း သတိပေးဖော်ပြထားသည်။