မတ် ၁၂ ။ ။ ပြီးခဲ့သောလကတည်းက ထိုးစစ်ဆင်မှုများ စတင်နေခဲ့သော အီရတ်လုံခြံုရေးတပ်များသည် မိုဆူးလ်မြို့ အနောက်ပိုင်း၏ သုံးပုံကျော်ခန့်ကို အိုင်အက်စ်တို့လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့တနင်္ဂနွေနေ့တွင် တပ်မှူးတစ်ဦးကပြောခဲ့သည်။
“မိုဆူးလ်မြို့ လက်ယာဘက်ကမ်း (အနောက်ပိုင်း) ၏ သုံးပုံကျော်ခန့်ဟာ အခုဆိုရင် ကျနော်တို့တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပါပြီ” ဟု ဗိုလ်ချုပ် မန်အယ်လ်ဆတ်ဒီက ပြောခဲ့သည်။
မိုဆူးလ်မြို့ကို တိုက်ဂရစ်မြစ်ကြီးက နှစ်ပိုင်းခွဲထားပြီး အရှေ့ဘက်ခြမ်းကို လက်ဝဲဘက်ကမ်းဟု ခေါ်ဝေါ်ကာ အနောက်ဘက်ကမ်းကို လက်ယာဘက်ကမ်း ဟု ခေါ်ဝေါ်ကြသည်။
အီရတ်တပ်ဖွဲ့များသည် ဖေဖေါ်ဝါရီလ ၁၉ရက်နေ့မှ စတင်ကာ တောင်ဘက်ပိုင်းမှတဆင့် မိုဆူးလ်မြို့အနောက် ဘက်အား ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးများ စတင်ခဲ့သော်လည်း လူဦးရေအထူထပ်ဆုံး နေရာများသည် အိုင်အက်စ်တို့၏ လက်အောက်တွင်သာ ရှိနေသေးကြောင်းသိရသည်။
အိုင်အက်စ်တို့သည် ပြီးခဲ့သော ၂၀၁၄ခုနှစ်တုန်းကလည်း ဘဂ္ဂဒတ်မြို့မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ကျယ်ပြန့် သောနေရာများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများနှင့် အထောက်အပံ့များကို ရရှိသော အီရတ်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
လွန်ခဲ့သော အောက်တိုဘာလတွင် အီရတ်တပ်ဖွဲ့များသည် မိုဆူးလ်မြို့တစ်ခုလုံးအား ပြန်လည်သိမ်းပိုက်ရန် ကြီးမားသော ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး မြို့၏ အရှေ့ဘက်ခြမ်းအား ပြန်လည်ရယူနိုင်ခဲ့သော်လည်း လူဦးရေ ထူထပ်သိပ်သည်းသော အနောက်ဘက်ခြမ်းအား အလုံးစုံမသိမ်းပိုက်နိုင်ဘဲရှိနေသည်။