ကောလင်း၊ မတ်လ ၁၁ ။ ။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသော အမှုတစ်ခုမှာ ၅ လကြာသည်အထိ စီစစ်နေသောကြောင့် ကာယကံရှင်မိသားစုမှ စိုးရိမ်ပူပန်နေကြောင်း မဇ္ဈိမသို့ မတ်လ ၁၁ ရက်တွင် ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ အိုင်ကြီးအုပ်စု၊ ကြာအင်းကုန်းကျေးရွာတွင် အသက်၇နှစ် အရွယ်ရှိ ပထမတန်းကျောင်းသူတစ်ဦးကို သားမယားအဖြစ်ပြုကျင့်ခံရမှုကို ၅ လကြာအထိ စစ်ဆေးနေဆဲဖြစ်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့ပြီး မိခင်မှ နေမကောင်း၍ သားဖွားဆရာမဆီ ဆေးကုသသွားရာမှ အိမ်ရှင်ဆရာမ၏ သားဖြစ််သူမှ ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုအား တရားရုံးသို့တင်ပြထားသော်လည်း ရွာမှ ၂၆ မိုင်အကွာအဝေးသို့ သွားရောက် အမှုဆိုင်သော်လည်း အမှုကို စစ်ဆေးခြင်းမရှိခြင်း၊ ကောလင်းတရားရုံးသို့ ၁၀ ကြိမ်ထက်မနည်း သွားခဲ့သော်လည်း ထူးခြားမှုမရှိခြင်း၊ မိန်းကလေးငယ်မိဘများမှာ နေ့စားအလုပ်သမားများ ဖြစ်သောကြောင့် ရုံးချိန်းများလာရာတွင် ခက်ခဲမှုရှိခြင်းများ ရှိသည်ဟု မိန်းကလေးငယ်၏ ဖခင် ကိုဖြိုးဖြိုးအောင်က ပြောသည်။
ထိုကဲ့သို့ အမှုကြာရှည်နေခြင်းမှာ တစ်ဖက်မှ ဒဏ်ရာပျောက်ရန် အချိန်ဆွဲခြင်းဟု မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက မဇ္ဈိမသို့ ပြောဆိုသည်။
အဆိုပါ ၅ လ တာ ကာလအတွင်း မိန်းကလေးငယ်၏ မိခင်ကိုသာ စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်တွင် အမှုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန် ကြီးဌာနသို့ တိုင်ကြားခဲ့သည်။ တိုင်ကြားပြီး ၈ ရက်အကြာ ဇန်နနဝါရီလ ၃၀ ရက်တွင် တရားရုံးချိန်း စစ်ဆေးခဲ့ပြီး စစ်ဆေးခြင်အားရပ်နားထားကြောင်း၊ ကျုးလွန်သူဟု တိုင်ကြားခံထားရသူ မောင်နိုင်အောင်ခန့်အား ကသာခရိုင်တရားရုံးသို့ ပို့လိုက်ကြောင်း သိရသည်။
ထို့ကြောင့် မတ်လ ၁၀ ရက်တွင် ကသာတရားရုံး ရုံးချိန်းသို့ ပထမဆုံး လာရောက်ရကြောင်း ဖြစ်သည်ဟု မိန်းကလေးငယ်၏ ဖခင် ကိုဖြိုးဖြိုးအောင်က ပြောသည်။
အဆိုပါအမှု ရုံးချိန်းအား မတ်လ ၂၀ ရက်သို့ ထပ်မံရုံးချိန်းခဲ့ကြောင်း သိရသည်။