ပေါက် မတ် ၉ ။ ။ ပေါက်မြို့နယ်၊ စသိန်းကျေးရွာအုပ်စု ၊ စသိန်း အခြေခံပညာအထက်တန်းကျောင်းသို့ စာမေးပွဲဖြေဆိုရန် လာရောက်သည့် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးအား စသိန်းကျေးရွာနေ စိတ်ဝေဒနာရှင်တစ်ဦးက ဓါးဖြင့် ခုတ်မှုတစ်ခု ယနေ့ ( မတ်လ ၉ ရက်) တွင် ဖြစ်ပွားခဲ့သည်။
ဓါးဖြင့် ခုတ်သူမှာ ပေါက်မြို့နယ် စသိန်းကျေးရွာနေ ကိုဝင်းကျော် အသက်(၃၅)နှစ် ဆိုသူဖြစ်ပြီး ညောင်ရင်းရွာနေ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသူတစ်ဦးအား ဓါးဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။
ဓါးခုတ်မှုကြောင့် အဆိုပါကျောင်းသူမှာ ၀ဲဘက်နားထင်ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး အခြေအနေ မစိုးရိမ်ရသော်လည်း ပေါက်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရင်း စာမေးပွဲဖြေဆိုခဲ့ရသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဝင်းကျော်အား (ပ)၄၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၆အရ ပေါက်မြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်းသိရပြီး ၎င်းအား ထိန်းသိမ်းထားကြောင်း သိရသည်။