မတ် ၃ ၊ ရန်ကုန်။ ။ မတ်လ ၂၈ ရက်တွင် အိန္ဒိယအသင်းနှင့် ကစားမည့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အာဖရိကအသင်း အီကွေတိုရီယယ်ဂီနီအသင်းတို့ ခြေစမ်းကစားရန် ရက်ညှိုနှိုင်းမှုများပြုလုပ်နေသည်။
မြန်မာအသင်းနှင့် အီကွေတိုရီယယ်အသင်းတို့ခြေစမ်းရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်အကြား သဘောတူညီမှုရယူထားပြီးဖြစ်သော်လည်း ကစားမည့်ရက်သဘောတူညီမှုမရသေးသဖြင့် တရားဝင် သတင်းမထုတ်ပြန်သေးခြင်းဟု မြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။
" နှစ်ဖက်သဘောတူညီမှုရပြီးပါပြီ။ ကိုးဆယ်ရာခိုင်နှုန်းသေချာပါတယ်။ ရက်က မတ်လ ၂၁ နဲ့ ၂၂ ဘယ်ရက်ဖြစ်မလဲဆိုတာ ညှိုနေတာပါ။ ရက်ညှိုလို့အဆင်ပြေတာနဲ့ သတင်းထုတ်ပြန်ပါမယ်" ဟု ဦးဇော်မင်းထို်က်က ဆိုသည်။
မြန်မာအသင်းမှာ ခြေစမ်းပွဲကစားရန်အတွက် မူလက အာရှအသင်းများကို ဖိတ်ကြားခဲ့သော်လည်း အဆင်မပြေသဖြင့် ကမ္ဘာ့အဆင့် ၁၁၀ ရှိ အာဖရိကအသင်း အီကွေတိုရီယယ်ဂီနီကို ကစားရန် ပြောင်းလဲ စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် အီကွေတိုရီယယ်ဂီနီအသင်းတို့ခြေစမ်းပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင်ကစားမည်ဖြစ်သည်။