မင်္ဂလာပါ…………….။
ဒီတပတ်တော့ ဝက်သားလည်းစားချင် အီနောက်နောက်ဖြစ်မှာလည်း ကြောက်တဲ့သူတွေအတွက် အပြောင်းအလဲလေးဖြစ်သွားအောင် ဝက်သားနဲ့ မုန်လာဥဖြူချဉ်ဖတ်လေး ကြော်နည်းလေးပြောပြပေးမှာပါ။
ဒီဝက်သားချဉ်ဖတ်ကြော်အတွက်
ဝက်ပေါင်သား ………………..၂၅သား(ပါးပါးလှီးပြီး ဆား နနွင်းနယ်ထားပါ)
မုန်လာချဉ် …………………… ၂၀သား
ကြက်သွန်နီ ဥကြီး………. ….၁ဥ (နုတ်နုတ်စင်းထားပါ)
ကြက်သွန်ဖြူ …………………အနည်းငယ် ( နုတ်နုတ်စင်းထားပါ)
ငရုတ်သီးစိမ်း …………… …..အနည်းငယ်
ငံပြာရည် …………………….. အနည်းငယ်
ငရုတ်အရောင်တင်မှုန့်……………. အနည်းငယ်
ဆီ ………………………………………….. အနည်းငယ် တို့ လိုအပ်ပါတယ်။
အရင်ဆုံး ပါးပါးလှီးထားတဲ့ ဝက်သားကို ရေမြုပ်အောင်ထည့်ပြီး လုံးပါ။
ရေကုန်ပြီ ဝက်သားထဲက အဆီထွက်လာရင် ဆယ်ထားပါ။
ပြီးရင်တော့ ဆီကို ပူအောင်တည်ပါ ဆီပူလာရင် ကြက်သွန်ဖြူ နီ နုတ်နုတ်စင်းထားတာကို ဆီသတ်ပါ။ ကြက်သွန်တွေ ရဲလာရင် ငရုတ်သီးစိမ်းကို ထပ်ထည့်ပြီး ဆီသတ်ပါ။
ကြက်သွန်နဲ့ ငရုတ်သီးစိမ်း ဆီသတ်တာ အရောင်ဝါပြီး မွှေးလာပြီဆိုရင် ငရုတ်အရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး ဆီထပ်သတ်ပေးပါ။
အရောင်ရဲပြီး မွှေးလာပြီဆိုရင် ဝက်သားလုံးထားတာလေးကို ထည့်ပြီး နှံ့အောင်မွှေပါ။
ဝက်သားအိုးမကပ်အောင် မွှေပေးပါ ။ ပြီးရင် ဝက်သားပိုနူးပြီး အနံ့အရသာဝင်အောင် အိုးအဖုံးကို ခဏ အုပ်ထားပါ။
ဝက်သားမွှေးပြီး နူးလာရင်တော့ မုန်လာဥဖြူ ချဉ်ဖက်လေး ထည့်ပါ။မုန်လာဥဖြူ အစား တခြား ရှမ်းချဉ် မုန်ညှင်းစိမ်းချဉ်သုံးလဲ ရပါတယ်။အချဉ်စူးလေ ကောင်းလေပါပဲ။
ဝက်သားနဲ့ ချဉ်ဖတ်ကို သမအောင်မွှေပါ။ အချဉ်ဓာတ်လျော့သွားစေဖို့ နဲ့ အရသာအတွက် ငံပြာရည် အနည်းငယ်ထည့်ပါ။
အရသာအပေါ့အငန်မြည်းပြီး ဆီပြန်အောင်ကြော်ပါ။ အိုးမကပ်စေဖို့ မကြာ မကြာမွှေပေးပါ။ ဆီပြန်ပြီး မုန်လာဥဖြူချဉ်ဖက်လေး နွမ်းလာရင်တော့ ဝက်သားချဉ်ဖတ်ကြော် ချဉ်ငံစပ် မွှေးလေးရပါပြီ။
နံနံပင် ငရုတ်သီးစိမ်းလေး အပေါ်ကအုပ်လိုက်ရင်တော့ ဝက်သားပေမယ့် လုံးဝမအီသလို ချဉ်ဖတ်ကလည်း အချဉ်စူးစူးကြီးမဟုတ်တော့ပဲ ဝက်သားချဉ်ဖတ်ကြော်လေးက အနံ့ အရသာ လုံးဝပြီးပြည့်စုံသွားပါပြီ။ ထမင်းပူပူလေးနဲ့ပဲစားစား ရုံး၊ ကျောင်း ထမင်းဘူးထည့်ရင်လည်း တစ်မယ်ထဲနဲ့ အမြင်လည်းလှ ထမင်းလည်းမြိန်စေမှာမို့ အားလပ်ရက်မှာ စမ်းသပ်ချက်ပြုတ်နိုင်ပါတယ်။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။