ရန်ကုန် ဇူလိုင် ၂၅ ။ ။ မြန်မာနိုင်ငံရှိ ရေအရင်းအမြစ်များအား ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် မြန်မာအမျိုးသား ရေဥပဒေ ပေါ်ပေါက်လာစေရန် လက်ရှိ လွှတ်တော်သက်တမ်းမကုန်မီတွင် တင်သွင်းသွားမည်ဟု ဧရာဝတီမြစ်ဝှမ်း ဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးအဖွဲ့မှ နာယက ဒေါက်တာခင်နီနီသိန်း ဇူလိုင် ၂၅ ရက်တွင် ပြောသည်။
၎င်းက ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် ပြုလုပ်သည့် ငါးကြိမ်မြောက် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးလူထု အကြံပြု ဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်သည်။
ဒေါက်တာ ခင်နီနီသိန်းက ” ဒီ ရေဥပဒေ ပေါ်ပေါက်လာဖို့က ၂၀၀၇ ခုနှစ်ကတည်းက မြန်မာ့ရေ မိတ်ဖက် အဖွဲ့က စတင်အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ တစ်ခါပဲလုပ်ဖြစ်ခဲ့တယ်။ ၂၀၁၃ မှာ ကျတော့ အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီဆိုတာပေါ်လာတယ်၊ဒီကော်မတီ အကြံပေးအဖွဲ့မှာပါတဲ့ အန်တီအပါ အဝင် ရေကျွမ်းကျင်ပညာရှင် ၃၆ယောက် ကရေဥပဒေချမှတ်ဖို့ အဲဒီကတည်း ကစခဲ့တာပါ” ဟုဆိုသည်။
မြန်မာအမျိုးသား ရေဥပဒေကို မူကြမ်းအဆင့်ရေးဆွဲပြီးနေပြီ ဖြစ်ကာ ယင်းမူကြမ်းတွင် တွင် စက်ရုံ အလုပ်ရုံများမှ စွန့်ထုတ်သောရေဆိုးရေညစ် မူဝါဒ ၊မြစ်ဝှမ်းဒေသကြီး များတွင်ရေပမာဏနှင့်ရေအရည် အသွေး
ထိန်းသိမ်းနိုင်ရန် မူဝါဒ၊ ရေအရင်းအမြစ်များ လွှဲပြောင်းခြင်း မပြုရ ဆိုသည့်အချက်တို့ ပါဝင်ကာ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ အဆင့်ဆင့် ဆောင်ရွက်နိုင်မည့် မူဝါဒများလည်း ပါဝင်ကြောင်း ဒေါက်တာ ခင်နီနီသိန်းက ပြောသည်။
ရေသယံဇာတ ရေးရာ ကျွမ်းကျင်သူ ဦးချိုချို က" ပညာရှင် အဖွဲ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ National Water Law ဆိုတဲ့ အားလုံးပူးပေါင်းပါဝင်ဆုံးဖြတ်နိုင်မယ့် ဥပဒေတစ်ခုက ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်း၊ ဌာနအဖွဲ့အစည်း တစ်ခုတည်းလုပ်လို့မရပါဘူး။ နိုင်ငံသားအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံးပါဝင်ရမယ့် ကိစ္စဖြစ် ပါတယ်" ဟုဆိုသည်။
ရေအရင်းအမြစ်များအား ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ ရေရှည်တည်တံ့ရေးအတွက် ဥပေဒတစ်ရပ်ချမှတ်ရန် လိုအပ်သကဲ့သို့ ရေသယံဇာတ်ကျွမ်းကျင်သူ မျိုးဆက်သစ် လူငယ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးလည်း အရေးတကြီး ဆောင်ရွက်သွားရမည်ဖြစ်ပြီး ၎င်းလူငယ်ပညာရှင်များက ဒေသခံများနှင့် ပူးပေါင်းကွင်း ဆင်း ကာ ရေသယံဇာတထိန်းသိမ်းရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်သည်ဟု ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးအဖွဲ့ဥက္ကဌ ဒေါ်ဆွေဆွေအေးကလည်း ပြောကြားခဲ့သည်။
ပွဲသို့ တက်ရောက်လာသည့် ထားဝယ်ဒေသခံ ကိုအာကာလတ်က " ကျွန်တော်တို့ထားဝယ်ဒေသမှာ ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်တော့ ဒေသခံတွေရဲ့ ငါးဖမ်းလုပ်ကွက်တွေပျက်ကုန်တယ်၊ ဒီတင်မကဘူး လယ်မြေတွေလည်း သိမ်းခံရတော့ လယ်သမားတွေလည်း လုပ်ကိုင်စားစရာမရှိဘူး ။ ဒီတော့ လူငယ်တွေ တော်တော်များများ နိုင်ငံခြားထွက် ကုန်တယ်၊ တကယ်ဆို ရေနက်ဆိပ်ကမ်း စီမံကိန်းက ကျွန်တော်တို့ ဒေသခံအတွက် ထိထိရောက်ရောက် အကျိုးမဖြစ်ဘူး၊ စီမံကိန်းလုပ်မယ်ဆိုရင် ဒေသခံတွေဆီကွင်းဆင်းပြီး သုတေသနအရင်လုပ်ပြီးမှ စီမံကိန်းအကောင်အထည်ဖော် သင့်တယ် ဒီလိုမျိုး ဆိုးကျိုေးတွ မဖြစ်ဖို့ရေဥပေဒဆိုတာ ရှိသင့်တယ်" ဟု ဆိုသည်။
ရေနှင့်ပတ်သက်သည့် ဌာနအသီးသီးကွဲပြားနေသော ဆောင်ရွက်မှုများကို တစ်သဘောတည်း စုပေါင်း ဆောင်ရွက်နိုင်ရန် အမျိုးသားရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ယခုနှစ် မတ်လ ၁၀ရက်တွင် တစ်ကြိမ် အစည်းအဝေးကျင်းပခဲ့ပြီး မြန်မာအမျိုးသား ရေမူဝါဒကို ချမှတ်နိုင်ခဲ့သည်။