ရန်ကုန်၊ဖေဖော်ဝါရီ ၂၈ ။ ။ အမျိုးသားရေးအစွန်းရောက်များက ဦးကိုနီကို လုပ်ကြံခဲ့ခြင်းဖြစ်သည်ဆိုသော ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်ကို အဆုံးထိလက်ခံရန် ခဲယဉ်းကြောင်း ၈၈မျိုးဆက် ကျောင်းသား ဦးဂျင်မီက မဇ္ဈိမကို ပြောသည်။
လက်ခံရန် ခဲယဉ်းနေခြင်းမှာ တရားခံ အားလုံးမမိသေးဘဲ အမှုကို အပြီးသတ် မတည်ဆောက်နိုင်သေးသော ကြောင့် ဖြစ်သည်ဟု ၎င်းက ယမန်နေ့က ပြုလုပ်ခဲ့သည့် ဦးကိုနီနှင့် ဦးနေဝင်းကွယ်လွန်ခြင်း တစ်လပြည့်အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်ပြီး များစွာမရှုပ်ထွေးစေဖို့ ဆုတောင်းကြောင်းလည်း ဦးဂျင်မီက ပြောသည်။
“ဘာကြောင့်လဲဆိုတော့ သူတို့ပြောပြသလောက်ဆိုရင်တော့သိပ်ပြဿနာမရှိဘူးပေါ့ဗျာ။ နောက်ဆက်တွဲတွေ ဆက်ရှိမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အခြေအနေက သိပ်ကို စိုးရိမ်စရာကောင်းတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာက တကယ်အပြည့်အစုံမိအောင်၊ ခြုံငုံမိအောင် ပြည်ထဲရေးဘက်က ဖြေရှင်းချက်ထုတ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ကျေနပ်လောက်တဲ့အဖြေပိုပြီးရနိုင်မယ်လို့ထင်ပါတယ်” ဟု ဦးဂျင်မီက ပြောသည်။
ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် စနေနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးအမျိုးသားရေးအစွန်းရောက်သူများက ဦးကိုနီကိုသတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောခဲ့သည်။
ဦးဂျင်မီကမူ ဘာသာရေးအစွန်းရောက်ခြင်းကြောင့် ဖြစ်ပွားခဲ့သည်ဆိုသော ပြောဆိုချက်များသည် နိုင်ငံရေးနှင့် သေချာပေါက် ဆက်နွှယ်နေသည်ဟု ပြောသည်။
“ဘာသာရေးအစွန်းရောက်လို့ လုပ်ကြံတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံမှာ တစ်ခါမှမရှိခဲ့ဖူးဘူး။ အခုမှ ဘာကြောင့်ရှိလာသလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ နောက်တစ်ချက် ကျွန်တော် ဘာပြောချင်တာလဲဆိုတော့ ဘာသာရေးအစွန်းရောက်တယ်လို့ဆိုတဲ့ပြောဆိုချက်တွေဟာ သေချာပေါက်နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်။ ငြင်းလို့မရဘူး” ဟု လည်း ဦးဂျင်မီကပြောသည်။
အန်အယ်လ်ဒီပါတီ၏ဥပဒေအကြံပေးဦးကိုနီနှင့် အငှားယာဉ်မောင်းဦးနေဝင်းသေဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အကြမ်းဖက်မှုဆန့်ကျင်ရေးအခမ်းအနားဟု အမည်ပေးပြီး ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပြင်ဘက် ကားပါကင်ဝန်းထဲတွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့ဝင်များ၊ အန်အယ်လ်ဒီပါတီနာယကဦးတင်ဦးနှင့် ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွတ်လပ်သောရှေ့နေများအဖွဲ့မှ ရှေ့နေများ၊ လေဆိပ်အငှားယာဉ်မောင်းများနှင့် ပြည်သူအချို့ တက်ရောက်ခဲ့ကြသည်။