ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ထင်သလောက် ခရီးပေါက်ခြင်းမရှိဟု တပ်ချုပ်ဆို

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ထင်သလောက် ခရီးပေါက်ခြင်းမရှိဟု တပ်ချုပ်ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။              ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ထင်သလေက် ခရီးပေါက်ခြင်းမရှိသေးသည်ကို တွေ့မြင်ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

"ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပီပြင်မှုရှိအောင် လုပ်ဆောင်နေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ပထမ ၅ နှစ်သက်တမ်းကာလ၊ ဒုတိယသက်တမ်း ပထမနှစ်ကာလတိုင်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ထင်သလောက်ခရီးမပေါက်သေးသည်ကို တွေ့မြင်ရသည်" ဟု ယမန်နေ့က တပ်မတော် အရာရှိကြီးများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာ တည်တည်ငြိမ်ငြိမ်ဖြစ်စေလိုပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် တပ်မတော်က အားသွန်ခွန်စိုက်ကူညီပေးရန်နှင့် ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ပြီး ပထမသက်တမ်းကာလ ရွေးချယ်ခံအစိုးရအနေဖြင့် တပ်မတော်အစိုးရ အုပ်ချုပ်မှုပုံစံပြောင်းလဲရခြင်း၊ ဒီမိုကရေစီအတွေ့အကြုံမရှိခြင်း၊ နိုင်ငံတွင် ဒီမိုကရေစီ ရင့်ကျက်မှုမရှိသေးခြင်းတို့ကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် အခက်အခဲများစွာ တွေ့ခဲ့ရသည်ဟု ၎င်းကဆိုသည်။

သို့သော် ပါတီစုံဒီမိုကရေစီခေတ်တွင် ရွေးချယ်ခံအစိုးရများ အနေဖြင့် မိမိပါတီ၏ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ်ဆောင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြကာ ယင်းအချက်များ မအောင်မြင်ပါက ပြည်သူက လက်ခံမည်မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲကို ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ) ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တိုင်းမှူးများ၊ တပ်မမှူးများ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly