ဖေဖော်ဝါရီ ၂၄ ။ ။ “ငြိမ်းချမ်းရေး လက်မှတ်ထိုးတာ အပျော်သဘောနဲ့ ထိုးတာလား” ဆိုပြီး လေသံပြတ်ပြတ်နဲ့ မေးခွန်းထုတ်လိုက်သူက တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရှိတဲ့ ကျေးဇူးတော်ရွာလူကြီး စောချစ်ဝင်းထူးပါ။
အသက်လေးဆယ်အရွယ်ခန့်ရှိပြီး စကားပြောရင် ခပ်ပြတ်ပြတ်လေသံနဲ့ ပြောလေ့ရှိတဲ့ ကရင် အမျိုးသား စောချစ်ဝင်းထူးက ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီးပေမယ့်လည်း သူတို့ရွာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကြောင့် ဒီလိုမျိုး ခပ်ပြတ်ပြတ် မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။
စောချစ်ဝင်းထူး အုပ်ချုပ်တာက ကျေးဇူးတော်ရွာလို့ အမည်ရတဲ့ရွာဖြစ်ပြီး ရန်ကုန်-ထားဝယ် ကားလမ်းမကြီးကနေ သုံးမိုင်လောက် လမ်းကြမ်းကြမ်းကနေ သွားရတဲ့ရွာဖြစ်ကာ ရေဖြူမြို့နယ်မှာ ရှိပါတယ်။
ကျေးဇူးတော်ရွာက တနင်္သာရီတိုင်း၊ ရေဖြူခရိုင်အနီးအနားဝန်းကျင်မှာ တစ်ရွာတည်းရှိတဲ့ ကရင်ရွာ လည်း ဖြစ်သလို ရွာမှာ အိမ်ခြေ ၅၀ ၊ လူဦးရေ ၂၀၀ ခန့် ရှိပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိနေပါတယ်။
ရွာမူလနာမည်က ဟိန်းစဲ လို့ ခေါ်ပြီး ၁၉၉၂ ခုနှစ်လောက်မှာ အဲဒီရွာပတ်ဝန်းကျင်ကို အစိုးရဘက်က အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့လို့ ရွာသူရွာသားတွေက ရွာကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကရင်အစည်းအရုံး (KNU) နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးပြီးခဲ့တဲ့နောက် ၂၀၁၂ ခုနှစ်အတွင်းမှာပဲ မူလရပ်ရွာမှာ ပြန်လည်နေထိုင်ခွင့်ရရှိခဲ့အတွက် ဒီနေရာကို သူတို့ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဟိန်းစဲဆိုတဲ့ နာမည်ကိုပဲ ပြောင်းရွှေ့တဲ့နေရာမှာ ဆက်သုံးခဲ့တဲ့အတွက် ပြန်ပြောင်းလာတဲ့အချိန်မှာတော့ ကျေးဇူးတော်ရွာလို့ နာမည်ပေးခဲ့တာပါ။
သူတို့ရဲ့ဇာတိရပ်ရွာကို ပြန်ရောက်တဲ့အခါမှာတော့ သူတို့မိရိုးဖလာလုပ်ကိုင်စားသောက်နေတဲ့ တောင်ယာစိုက်ခင်းတွေကို ကုမ္ပဏီတွေက ဆီအုန်းစိုက်ပျိုးဖို့ သိမ်းယူထားလိုက်တာနဲ့ ကြုံလိုက်ရတာ ပါပဲ။
အဲဒီ ဒေသတဝိုက်မှာရှိတဲ့ မြေနေရာ ဧက ၂၄၀၀ ကျော်လောက်ကို ကုမ္မဏီနှစ်ခုက သိမ်းယူထားပြီး အခုချိန်မှာတော့ လယ်ယာလုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ကျေးဇူးတော်ရွာလူကြီး စောချစ်ဝင်းထူးက ဆိုပါတယ်။ သိမ်းယူထားတဲ့ ကုမ္ပဏီထဲက တစ်ခုကတော့ ကရုဏာကြေးအဖြစ် တစ်ဧကကို ကျပ်ငွေတစ်သိန်းပေးပေမယ့် အခြားကုမ္ပဏီတစ်ခုက တစ်ပြားတစ်ချပ်မှ ပေးချေခြင်းမရှိဘူးလို့ ဆိုပါတယ်။
(မြေယာသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး မဇ္ဈိမ အနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။ )
“ကျွန်တော်တို့ရွာက အဓိက တောင်ယာလုပ်ပြီး စားသောက်နေရတဲ့အတွက် မြေမရှိရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး” လို့ ရွာအုပ်ချုပ်သူ စောချစ်ဝင်းထူးက လက်ရှိအခြေအနေကို ပြောပါတယ်။
ကျေးရွာတည်ကာစမှာ KNU အနေနဲ့ ဆန်တစ်ကြိမ်လာရောက်ဝေငှပေးခဲ့ပေမယ့် နောက်ပိုင်း လာရောက်ပေးဝေခဲ့ခြင်း မရှိဘူးလို့ ရွာသားတွေက ပြောခဲ့ပြီး ရွာရဲ့ လက်ရှိအခြေအနေကတော့ ကျေးရွာအတွင်း အစိုးရက အိမ်ဆယ်လုံး တည်ဆောက်ပေးထားပြီး ရေရရှိဖို့ သွယ်တန်းပေးထားတာ တွေ့ခဲ့ရပါတယ်။ ကျန်းမာရေးအနေနဲ့ ရွာမှာ ဆေးပေးခန်းမရှိတဲ့အတွက် ရွာကနေ အနည်းငယ်လှမ်းတဲ့ ကလိန်အောင်မြို့နယ်နဲ့ ထားဝယ်မြို့ပေါ်ကိုသာ သွားရတယ်လို့ သိရပါသေးတယ်။
အသက် ၆၀ ခန့် ရှိတဲ့ စောထီးစီးက “တောခုတ်တယ်၊ ငါးရှာ ဖားရှာတယ်၊ ဒီလိုပဲ စားတယ်လေ” လို့ လေသံတိုးတိုးနဲ့ ပြောပါတယ်။ နံရံနားက တိုင်ကို ခပ်လျော့လျော့မှီထိုင်ရင်း သူ့အနေနဲ့ ကုမ္ပဏီစိုက်ခင်းတွေမှာ လုပ်ခစားအနေနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ပေမယ့်လည်း သူကတော့ မလုပ်လိုပါဘူး။
“ကိုယ့်အမေနို့ရည်ပဲ ကိုယ်သောက်ချင်တယ်၊ ကိုယ့်ချွေးနှဲစာပဲ ကိုယ်စားချင်တယ်” လို့ ခပ်တိုးတိုး ပြောပါတယ်။
ကိုယ့်အမေနို့ရည်ဆိုတာ မိဘပေးထားခဲ့တဲ့ အမွေဆိုင် တောင်ယာတွေကို ပြောတာပါ။ ခုချိန်ထိတော့ သူ့တောင်ယာတွေ အခြေအနေက ဘယ်လိုလဲဆိုတာ မသိရသေးပါဘူး။ ဆိုင်သော်ငြားလည်း မပိုင်တော့တဲ့အခြေအနေလို့ ဆိုရမလိုပါပဲ။
နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်နဲ့ နေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်မှုတိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့က လက်မှတ် ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေထဲမှာ KNU လည်း ပါဝင်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း ကချင်နဲ့ ရှမ်းမြောက်လို နေရာတွေမှာ တိုက်ပွဲတွေကတော့ ခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာတော့ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ တစ်သိန်း နီးပါး ရှိနေပြီး စစ်ဘေးရှောင်လူဦးရေမှာ ကချင်ပြည်နယ်တွင် ၈ သောင်းခန့်၊ ရှမ်းပြည်နယ်တွင် ၂ သောင်း နီးပါး ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က ထုတ်ပြန်ထား ပါတယ်။ ကရင်ပြည်နယ်မှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများက အပစ်ရပ် လက်မှတ် ရေးထိုးထားတာ ဖြစ်ပေမယ့်လည်း ကရင်ပြည်နယ်တွင်းမှာ စစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိနေပါသေးတယ်။
ဒီလိုမျိုး နေရပ်မပြန်နိုင်သေးတဲ့သူတွေ ရှိနေသလိုပဲ နေရပ်ပြန်နိုင်သော်လည်း အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး စတာတွေမှာ လိုအပ်ချက်တွေ အပြည့်ရှိနေသေးတဲ့ ကျေးဇူးတော်ရွာလို ပြန်လည်ထူထောင်ရေးရွာတွေ ရှိနေပါသေးတယ်။
စောချစ်ဝင်းထူးကတော့ “ ငြိမ်းချမ်းရေးရရှိဖို့အတွက်တော့ ပြည်သူလူထုရယ်၊ အစိုးရရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရယ် အတူတကွ သွားမှသာ အဆင်ပြေနိုင်မယ်” လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးစာချုပ်ကတော့ လက်မှတ်ထိုးပြီးပြီ။ ပေးထားတဲ့ ကတိတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် တွေကို လျစ်လျူရှု မနေသင့်ဘူးလို့ စောချစ်ဝင်းထူးက ဆိုပါတယ်။
“ထိုးထားတဲ့ စာချုပ်တွေ လက်မှတ်တွေဟာ စာအုပ်ပိတ်လိုက်တဲ့အခါ ပိတ်မသွားဖို့။ ကိုယ်ထိုးလိုက်တဲ့ လက်မှတ်တစ်လုံးဟာ စာအုပ်ပိတ်လိုက်တဲ့အခါမှာ သူများနဲ့ပါသွားပြီး ပျောက်သွားတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး” လို့ သူက သူ့ဟန်အတိုင်း ခပ်ပြတ်ပြတ်ပဲ ဆိုပါတယ်။