မန္တလေး၊ဖေဖော်ဝါရီ ၂၃ ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဖေဖော်ဝါရီလ ၁၅ရက်နေ့က စတင်ထွက်ခွာခဲ့သည့် ငြိမ်းချမ်းရေး တွဲလက်များဟု အမည်ပေးထားသည့် ဝှီးချဲအဖွဲ့သည် မန္တလေးမြို့သို့ ဖေဖော်ဝါရီလ ၂၃ရက်၊ မွန်းလွဲ ၁ နာရီက မန္တလေးမြို့သို့ ရောက်ရှိလာသည်။
အဆိုပါအဖွဲ့သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မူကြို(၁)တွင် ရပ်နားပြီး ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်ပြီး ၂၈ ရက်နေ့တွင် နေပြည်တော်၌ ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။
အဖွဲ့ခေါင်းဆောင် ဦးထိန်လင်းက "ကျွန်တော်တို့အခု ဝှီးချဲအဖွဲ့က ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့ အနေနဲ့ အခုလို သရုပ်ပြတာပါ။ ငြိမ်းချမ်းဖို့ လိုပါတယ်။"ဟုပြောသည်။
အဆိုပါ အဖွဲ့သည် ညနေ ၆ နာရီတွင် မနော်ရမ္မံ ဟစ်တိုင်ကွင်း၌ တီဆိုဖျော်ဖြေမှုများနှင့် ငြိမ်းချမ်းရေးဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။ ၎င်းအဖွဲ့တွင် တေးဂီတဖြင့် ဖျော်ဖြေမည့် အမြင်အာရုံချို့တဲ့သူ ၁၀ ဦး၊ ငြိမ်းချမ်းရေးအကြောင်း တင်ပြဟောပြောမည့် မသန်စွမ်း ၇ ဦးနှင့် အုပ်ချုပ်သူများ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသည့် အနုပညာရှင်များလည်း ပါဝင်ကြောင်း သိရသည်။