မန်ယူ၊ လီဗာပူးလ်တို့နှင့် မန်စီးတီးနှိုင်းယှဉ်၍ မရသေးဟု ကီဗင်ဒီဘရိုင်းဝန်ခံ

မန်ယူ၊ လီဗာပူးလ်တို့နှင့် မန်စီးတီးနှိုင်းယှဉ်၍ မရသေးဟု ကီဗင်ဒီဘရိုင်းဝန်ခံ

ဖေဖော်ဝါရီ ၂၁၊ မန်ချက်စတာ။             ။ မန်ချက်စတာစီးတီးအသင်းအနေဖြင့် လက်ရှိအချိန်တွင် ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့နှင့် နှိုင်းယှဉ်၍မရနိုင်သေးဟု ကီဗင်ဒီဘရိုင်းကဝန်ခံလိုက်သည်။

ဂွာဒီယိုလာ၏ အသင်းသည် ချန်ပီယံလိဂ်တွင်ပြီးခဲ့သည့်နှစ်က ဆီမီးရောက်ခဲ့ခြင်းထက် ပိုကောင်းအောင်ကြိုးစားနေမှုအဖြစ် အင်္ဂါနေ့တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲကို အီတီဟတ်၌ မိုနာကိုအသင်းနှင့် ကစားမည်ဖြစ်သည်။

ချန်ပီယံလိဂ်ဖလားကို ယူနိုက်တက်နှင့် လီဗာပူးလ်နှစ်သင်းပေါင်း ရှစ်ကြိမ်ထိရရှိထားပြီး စီးတီးအနေဖြင့် ပြိုင်ဘက်နှစ်သင်း၏ အောင်မြင်မှုမျိုးနှင့် တူညီရန် ရာစုနှစ်ဝက် (နှစ် ၅၀) ခန့်အချိန်ယူရလိမ့်မည်ဟု ဒီဘရိုင်းက ကောက်ချက်ချသည်။

“မန်ယူနိုက်တက်၊ လီဗာပူးလ်တို့ရဲ့သမိုင်းအစဉ်အလာနဲ့ ပတ်သက်ပြီး လူတွေကပြောကြတယ်။ သူတို့ကခမ်းနားတဲ့ အသင်းတွေ ဖြစ်ပြီး ချန်ပီယံလိဂ်မှာ သူတို့အောင်မြင်ခဲ့သလို ကျွန်တော်တို့အောင်မြင်ဖို့ အချိန်နည်းပါးခဲ့လို့ သူတို့နဲ့ ကျွန်တော်တို့ မနှိုင်းယှဉ်နိုင် ပါဘူး။

ချန်ပီယံလိဂ်မှာ သူတို့နှစ်တွေအကြာကြီးဖြတ်သန်းခဲ့ကြပြီး ကျွန်တော်တို့ကတော့ ငါးနှစ်၊ ခြောက်နှစ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့နဲ့နှိုင်းယှဉ်ဖို့ သူတို့ဖြတ်သန်းခဲ့တဲ့ အချိန်လောက် လိုအပ်ပါတယ်။

သမိုင်းကြောင်းဆိုတာ ကျွန်တော့်အတွက် ဘာမှမဟုတ်ပေမယ့် ကမ္ဘာပေါ်က လူအတော်များများအတွက်တော့ အလုံးစုံအဓိပ္ပါယ်ရှိ ပါတယ်။ ဒါကြောင့်ပဲလူတွေက မန်စီးတီးအသင်းလုပ်ခဲ့တာတွေကို တခြားအသင်းတွေလောက် သိပ်မပြောကြတာပါ”ဟု ဒီဘရိုင်းကပြောသည်။

ဆက်လက်၍ ၎င်းက ဥရောပတွင် အင်္ဂလိပ်အသင်းများအောင်မြင်သည်ကို အင်္ဂလန်ရှိလူတိုင်းက ဂုဏ်ယူလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အသင်းအနေဖြင့်လည်းကြိုးစားရန် အခွင့်ရေးရသင့်ကြောင်း၊ နောက်ထပ်နှစ် ၅၀ ခန့်ကြာလျှင် မန်စီးတီးအသင်း ချန်ပီယံ လိဂ်ဖလားများရရှိလာပြီး လူအများ၏ အမြင်လည်းပြောင်းလဲသွားနိုင်ကြောင်း ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly