မန္တလေး၊ ဖေဖော်ဝါရီ ၁၈ ။ ။ မန္တလေးမှ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနောင်နောင်ထံ၌ မူးယစ်ဆေးဝါးများ ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ဖေဖော် ဝါရီ၁၈ရက်၊ နံနက်၁၀နာရီက မူးယစ်ဆေးဝါးသတင်းအရ မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်၂၆လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြား၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ ဇော်မျိုးနောင်(ခ) နောင်နောင် (အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်၊ ၃၂နှစ်)၏ နေအိမ်အား ရပ်ကွက်အုပ်ချုပ်ရေး အကွက်မှူးများနှင့် အတူ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့သည်။
၎င်း၏ အိပ်ခန်းခြေရင်းစားပွဲအောက်မှ အနက်ရောင်မီးခြစ်ဘူးအတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88/1စာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးပြား ၁၄၀ ပြား၊ ၁၄ဂရမ်ခန့်၊ အမြင့်၃လက်မ၊ အချင်း၂လက်မခန့်ရှိ အဝါရောင်အဖုံးပါ ကော်သွားကြားထိုးတံဗူးအတွင်း ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်အမှုန့် ၂၈ ဂရမ်ခန့်ပါတစ်ဘူး၊အဖြူရောင်ကပ်ခွာအိတ်ဖြင့် မက်သာအက်ဖီတာမင်းဟိုက်ဒြို့လို ရိုက်ပုံဆောင်ခဲ(အိုက်စ်)ဝ.၈ဂရမ်ခန့်၊ ရေသန့်ဘူးအား အပေါက်ဖောက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲသည့်ကိရိယာ(၁)ခု၊ အလျား၁၂လက်မ၊ အနံ၈ လက်မ၊ အမြင့်၆လက်မရှိ သံသေတ္တာ(၁)လုံး တွေ့ရှိသဖြင့် သိမ်းဆည်းရမိခဲ့သည်။
အမှတ်(၁၇) မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့စုမှ ရဲအုပ် တင်ထွန်းအောင်နှင့် တပ်ဖွဲ့ ဝင်များ၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စတင်းအရရှာဖွေရာ ယင်းသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဇော်မျိုးနောင် (ခ)နောင်နောင်အား အမှတ်(၆)နယ်မြေရဲစခန်းမှ (ပ)၅၆/၂၀၁၇၊ မူးစိတ်ပုဒ်မ၁၅/၁၉ (က)/၂၁အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။