ဒီကိစ္စ မအောင်မြင်ခဲ့တာက နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းရဲ့ ရပ်တည်ချက်ပေါ်မှာ မူတည်တာပေါ့ (ဦးသိန်းညွှန့်-အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ)

18 February 2017
ဒီကိစ္စ မအောင်မြင်ခဲ့တာက နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းရဲ့ ရပ်တည်ချက်ပေါ်မှာ မူတည်တာပေါ့ (ဦးသိန်းညွှန့်-အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ)

ဖေဖော်ဝါရီလ ၁၈ ။            ။ မင်္ဂလာပါရှင်….။ မြန်မာနိုင်ငံက ပြည်သူတွေ စိုးရိမ်နေကြတဲ့ အကြောင်းအရာတွေထဲမှာ သက်ငယ်မုဒိမ်းမှု နဲ့ တရားဥပဒေစိုးမိုးမှုအားနည်းတာဟာ အဓိကကျတဲ့ အကြောင်းအရာအနေနဲ့ ပါဝင်နေပါတယ်။ ဒီအကြောင်းအရာနှစ်ခုဟာ တစ်ခုချင်းစီအရ စိုးရိမ်စရာကောင်းသလို တစ်ခုနဲ့တစ်ခုဟာလည်း ဆက်စပ်နေတာကိုတွေ့ရပါတယ်။ နုနယ်အပြစ်ကင်းတဲ့ ကလေးတွေရဲ့ ဘဝအတွက် စိုးရိမ်မှုဒီရေတွေ မြင့်တက်လာသလို ပြည်သူလူထုရဲ့ တစ်နေ့တာ လှုပ်ရှားနေထိုင်မှုတွေမှာလည်း စိတ်မလုံခြုံမှုတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပါတယ်။ ဒီလိုဖြစ်ပွားတာတွေကို ဘယ်လို ကာကွယ်မှုတွေ ပြုလုပ်သင့်သလဲ ဆိုတာတွေကို ဥပဒေရေးရာ ကျွမ်းကျင်သူလည်းဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကို တွေ့ဆုံမေးမြန်းမှာ ဖြစ်ပါတယ်။

ဘဘ မင်္ဂလာပါရှင့်။

မင်္ဂလာပါ။

မေး- ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းကလည်း သက်ငယ်မုဒိမ်းမှုပေါင်း  ၆၇၁ မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဘဘအနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်တုန်းက လွှတ်တော်အတွင်းမှာ သက်ငယ်မုဒိမ်းအတွက် သေဒဏ်ပေးဖို့ အဆိုတင်ခဲ့ပေမယ့် ကန့်ကွက်မဲများပြီး ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ဆိုတော့ ဘာကြောင့် ကန့်ကွက်ခဲ့ကြတာပါလဲ။ ဥပဒေရေးရာရှုထောင့်ကရော လူမှုရေး ရှုထောင့်ကရော ပြောပြပေးပါရှင့်။

ဖြေ- အချက် နှစ်ချက်ပဲ ပြောရမှာပဲ။ ဒီအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မြင်သလို  ကြိုတင်မျှော်မြင်မှုအမြင်ပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်နဲ့ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေ သဘောထားမတူဘူးပေါ့။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် လေ့လာမှု ၊ တစ်ယောက်နဲ့တစ်ယောက် ရပ်တည်မှု၊ ဒါတွေအပေါ်မှာ မတူဘူးပေါ့။ ဒါကတော့ ကျွန်တော်နားလည်ပါတယ်။ ဒါလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာပဲ။ ဒါပေမယ့် နောက်တစ်ခုကတော့ ကျွန်တော်တို့ မြန်မာပြည်နိုင်ငံရေးမှာ ဂိုဏ်းဂဏက အင်မတန်ကြီးတယ်။ ဒါဟာ ဦးသိန်းညွန့်တင်လို့။ ဦးသိန်းညွန့်တင်ရင် မထောက်ခံဘူးဆိုတဲ့၊ သင်သည် ငါမဟုတ်သောကြောင့် သင့်ကို ငါ မထောက်ခံနိုင်ဘူးဆိုတဲ့ သဘောထားမျိုးလည်း ကျွန်တော် သိရတာတွေရှိတယ်။ အဲဒီတော့ ပထမအကြိမ် လွှတ်တော်မှာ ဒီကိစ္စမအောင်မြင်ခဲ့တာကတော့ အဓိကပြောရင် နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းရဲ့ ရပ်တည်ချက်ပေါ်မှာ မူတည်တာပေါ့။

မေး- သက်ငယ်မုဒိမ်းမှုအတွက် အမြင့်ဆုံးအပြစ်ဒဏ်ဟာ ထောင်ဒဏ်အနှစ် (၂၀) လို့ သိရပါတယ်။ သေရာပါ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာမယ့် ဒီကလေးငယ်တွေအတွက် ထောင်ဒဏ် အနှစ်(၂၀)ဆိုတာ တန်ပါရဲ့လားရှင့်။

ဖြေ- မင်းတို့ ကလေးသူငယ်တစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးရင် မင်းတို့ဘဝလည်း လျော်ကြေးပေးရမယ်ဟေ့ ဆိုတဲ့သတိပေးတဲ့ သို့မဟုတ် ပြင်းပြင်းထန်ထန်အကြောင်းကြားလိုက်တဲ့ မက်ဆေ့ချ်မျိုး ပေးဖို့ဆိုရင်တော့ လွှတ်တော်ကနေ သို့မဟုတ် အစိုးရအဖွဲ့ကနေ ကလေးသူငယ် မုဒိမ်းသမားတွေကို သေဒဏ်ပေးနိုင်ဖို့အတွက် အခုရောက်နေတဲ့ အန္တရာယ်နဲ့အညီ ဆောင်ရွက်သွားဖို့ လိုတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့လည်း ဥပဒေအခွင့်အရေးတွေက ပေးထားပြီး ဖြစ်ပါတယ်။

မေး- ထောင်ဒဏ်အနှစ် ၂၀ ဆိုပြီး သတ်မှတ်လိုက်ပေမယ့်လည်း ကျူးလွန်သူတွေကတော့ သက်ငယ်မုဒိမ်းမှုကို စဉ်ဆက်မပြတ် ကျူးလွန်နေကြဆဲပါပဲ။ ဒါဟာ ကျူးလွန်သူတွေက တရားဥပဒေကို မကြောက်ရွံ့ဘူးဆိုတဲ့ သဘောမျိုးလည်း သက်ရောက်နေပါတယ်။ ဒီသက်ငယ်မုဒိမ်းကို လုံးဝကျူးလွန်ဖို့ စိတ်မကူးရဲအောင် ဘာကြောင့်ထိထိရောက်ရောက် ပြစ်ဒဏ်တွေပေးဖို့ တွေဝေနေကြသလဲဆိုတာ ဘဘရဲ့ အမြင်လေး ပြောပေးပါ။

ဖြေ- သာမန် လူ့အခွင့်အရေး စဉ်းစားတဲ့ သုံးသပ်ချက်မျိုးနဲ့ သေဒဏ်ပေးလိုက်ရင် လူ့အခွင့်အရေးများ ထိခိုက်မှာလား ဆိုတဲ့ အနောက်တိုင်းအမြင်အပေါ်မှာ တဖက်သတ် အထင်ကြီးနေတာလည်း ပါမှာပေါ့။ အမေရိကန်လို ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးမှာတောင် တချို့ပြည်နယ်တွေမှာ မုဒိမ်းသမားတွေကို သေဒဏ်ပေးတာပဲ။ အခုဆိုရင် ဆေးထိုးအပ်နဲ့သတ်ပြီး သေဒဏ်ပေးတာတွေ အများကြီးပဲ။ ပြည်နယ်တိုင်းမှာ အကုန်လုံးဖျက်သိမ်းတာမှ မဟုတ်ဘဲ။ ဒါကလည်း တစ်ချက်ပါမှာပေါ့။ နောက်တစ်ချက်ကတော့ ခုနပြောသလိုပေါ့။ ကိုယ်ကလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ကြိုတင်မျှော်မြင်မှုလည်း မရှိဘူး။ အခြားလူက ကြိုတင်မျှော်မြင်ပြီး တင်လာတာကျတော့ ငါ့ပါတီကမဟုတ်လို့၊ ငါ့လူမဟုတ်လို့၊ ငါ့ဘက်တော်သားမဟုတ်လို့ သူတင်ရင် သူနာမည်ရသွားမယ်။ ဒါ့ကြောင့် ကန့်ကွက်ရမယ်ဆိုတဲ့ဟာမျိုးနဲ့ အင်မတန်ကျဉ်းမြောင်းတဲ့ ဂိုဏ်းဂဏ စိတ်ဓာတ်ထားပြီးတော့ ဒီဥပဒေကို ကန့်ကွက်တဲ့သဘောလည်း ဖြစ်နိုင်တဲ့သတင်းတွေ ကျွန်တော်ကြားထားတာရှိပါတယ်။

မေး- သက်ငယ်မုဒိမ်းမှုတွေ အများကြီးဖြစ်ပွားနေတာဟာ စိတ်ပိုင်းဆိုင်ရာ ပြနာတို့၊ အရက်သေစာ သောက်စားထားတာတို့၊ လူမှုစီးပွားဘဝတွေ ချွတ်ခြုံကျလာတာတို့နဲ့များ သက်ဆိုင်နိုင်မလားရှင့်။

ဖြေ- တချို့ကျတော့လည်း အရက်သေစာမသောက်စားပါဘူး။ နှစ်နဲ့ချီပြီးတော့ သမီးအရင်းကို ကျူးလွန်တဲ့သတင်းပေါ့။ ပဲခူးဘက်မှာပေါ့။ နောက်ဆုံးတစ်နှစ်ကျော်လာတဲ့အခါကျတော့ အမေကို တိုင်ပြီး ဖွင့်ပြောရတဲ့အချိန်ထိ ရောက်လာတာပေါ့။ အဲဒီသတင်းမျိုးကိုကြည့်ရင် အရက်သေစာချည်းပဲ ပြောလို့မရဘူး။ အဲဒီတော့ ခုနက စီးပွားရေးကြောင့်လို့ ပြောရင်တော့ ဆင်းရဲခြင်း၊ မလုံခြုံခြင်းတွေကလည်း တစ်စိတ်တစ်ပိုင်းဆက်စပ်တာပေါ့။ ဆင်းရဲတဲ့အခါကျတော့ မိသားစုရဲ့ အိပ်စက်ရတဲ့ ပတ်ဝန်းကျင်ဟာ သမီးမိန်းကလေးတွေအတွက် လုံခြုံမှု မရှိဘူးပေါ့။ အဲဒီလိုပဲပေါ့ ခုနက မူးယစ်ဆေးဝါးနဲ့ နွယ်တာတို့ တခြားအကြောင်းတွေလည်း အများကြီး ရှိလာနိုင်တာပေါ့။ ဆင်းရဲတော့ ကိုယ်က အလုပ်ထွက်လုပ်ရတယ်။ ကိုယ့်ကလေးကို ကိုယ်အချိန်ပြည့် မထိန်းနိုင်ဘူး။ အခြားသူအပ်ထားရတယ်။ အဲဒီတော့ ခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ကိစ္စကတော့ ပွင့်ပွင့်လင်းလင်း ကျွန်တော့ရဲ့ လေ့လာချက် ပြောရမယ်ဆိုရင် ဆက်သွယ်ရေး နည်းပညာတွေဟာ ကျွန်တော်တို့အတွက် ကောင်းကျိုးကိုပေးသလို ဒီပညာရပ်တွေကို အလွဲသုံးတဲ့ လူတွေကြောင့်လည်း ဒီပြဿနာတွေဟာ ပိုကြီးလာတယ်လို့ ကျွန်တော်ထင်တယ်။

အပိုင်း(၂)ဆက်လက် တင်ဆက်ပါမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly