ဖေဖော်ဝါရီ ၁၆ ။ ။ ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ရာ မြို့တော် Sanaa အနီး အသုဘအခမ်းအနား၌ ဧည့်ခံကြိုဆိုရေး အစီအစဉ်များ လုပ်ဆောင်နေစဉ် လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် အမျိုးသမီး ရှစ်ဦး နှင့်ကလေးတစ်ဦးတို့ ထိမှန်သေဆုံးသွားခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်တွင် အခြား အမျိုးသမီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟုလည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ပြောသည်။
ယခု တိုက်ခိုက်မှုမှာ အမေရိကန်နှင့် ဆော်ဒီ ကျောထောက်နောက်ခံ ညွှန့်ပေါင်းအဖွဲ့ လက်ချက်ဖြစ်သည်ဟု ဟူသီ သူပုန်အဖွဲ့က ထုတ်ဖော်ပြစ်တင်လိုက်သည်။ သို့သော် ညွန့်ပေါင်းအဖွဲ့ဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားလာခြင်း မရှိသေးပေ။
ယင်းနိုင်ငံတွင် ၂၀၁၅ မတ်လနောက်ပိုင်းကတည်း အမေရိကန်နှင့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ နှင့် ယီမင်သမ္မတဟောင်း အလီ အဗ္ဘဒူလာ ဆာလက်အား သစ္စာခံသည့် ဟူသီ သူပုန်အုပ်စုတို့အကြား တိုက်ပွဲများ မကြာခဏဆိုသလို ပေါ်ပေါက်နေခဲ့သည်။
ညွန့်ပေါင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာအသိအမှတ်ပြု သမ္မတ အက်ဒရာဘက် မန်ဆော် ဟာဒီ အစိုးရ အလုံးစုံ အာဏာရရေး ဖြစ်သည်ဟုလည်း သိရသည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း ယီမင်စစ်ပွဲအတွင်း အပြစ်မဲ့ အရပ်သား ၁၀,၀၀၀ ကျော် သတ်ဖြတ်ခံထားရပြီး လူပေါင်း သုံးသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟုလည်း သိရသည်။