အငှားယာဉ်မောင်းနှင်ကာ ခရီးသည်များထံမှ ပစ္စည်းများ လုယက်နေသူအဖွဲ့အား ဖမ်းဆီးရမိ

အငှားယာဉ်မောင်းနှင်ကာ ခရီးသည်များထံမှ ပစ္စည်းများ လုယက်နေသူအဖွဲ့အား ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ။            ။ အငှားယာဉ်မောင်းနှင်ကာ ခရီးသည်များထံမှ ပစ္စည်းများလုယက်နေသူ အငှားယာဉ်မောင်းနှင့်အဖွဲ့အား ဖမ်းဆီးအရေးယူခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာရာ  ဇန်နဝါရီ ၂၂ ရက်၊ ည ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

လှိုင်မြို့နယ်သို့ သွားရောက်ရန်အတွက် အငှားယာဉ်တစ်စီးအား ငှားရမ်း၍ ၎င်းယာဉ်ပေါ်၌ ထိုင်နေစဉ် အမျိုးသားနှစ်ဦးမှ အင်းစိန်မြို့နယ်၊ ကြို့ကုန်းသို့ သွားမည်ဟုဆိုကာ လိုက်ပါစီးနင်းလာစဉ် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ အသည်းရောဂါအထူးကုဆေးရုံအနီးအရောက် ၎င်း၏ ဘေးတွင်လိုက်ပါသူ အမျိုးသားမှ ဓားပြခြိမ်းခြောက်ကာ ပိုက်ဆံအိတ်အတွင်းရှိ SAMSUNG လက်ကိုင်ဖုန်း ၁ လုံး၊ အလေးချိန် ငါးမူးသားခန့်ရှိရွှေဆွဲကြိုး ၁ ကုံး၊ မောင်းကွင်းလက်စွပ် ၂ ကွင်းနှင့် ငွေကျပ် ၂၀၀၀၀ တို့အား လုယူကာ ယာဉ်အား မောင်းနှင်ထွက်ခွာသွားကြောင်း တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၂၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်နှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၃ ရက်တွင် လှိုင်သာယာမြို့နယ် နေသူများဖြစ်ကြသည့် ငရဲ(ခ)ရဲမင်းအောင်နှင့် ဂန်ဘား(ခ) သီဟထွဋ်တို့  ၂ ဦးကို ရန်ကုန်-ပုသိမ် လမ်းဆုံမှ အမှုမှ လက်ကိုင်ဖုန်း၊ ငရဲ(ခ)ရဲမင်းအောင်ထံမှ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သန့်ဇင်(ခ)သာကျော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးခဲ့ရာ လုယက်မှုများကျူးလွန်ရာတွင် ၎င်းတို့နှင့် အတူ ငဖြိုး(ခ)ဖြိုးသက်ပိုင်ဦး(ခ)ထွန်းမင်းလတ်၊ ငြိမ်းချမ်း(ခ)ငြိမ်းချမ်းကိုကို၊ ပစ်ကြီး(စုံစမ်းဆဲ)၊ ဘိုဘို(ခ)ပိုင်စိုးထက်(စုံစမ်းဆဲ) တို့လည်းပါဝင်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဇန်နဝါရီ ၂၄ရက်တွင် ငဖြိုး(ခ)ဖြိုးသက်ပိုင်ဦး(ခ)ထွန်းမင်းလတ်ကို လှိုင်သာယာ မြို့နယ်၊ ဗိုလ်ချုပ်လမ်း၌လည်းကောင်း၊ ၂၅.၁.၂၀၁၇ ရက်နေ့တွင် ငြိမ်းချမ်း(ခ) ငြိမ်းချမ်းကိုကိုအား လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းပေါ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ကျန်သူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ နှင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ၎င်းတို့ ၅ ဦးသည် ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်များတွင် ၎င်းတို့၏ မော်တော်ယာဉ်ဖြင့် လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များထံမှ CAM-21 Huawei ဖုန်း ၁ လုံး ၊ T-800-Teem ဖုန်း ၁ လုံး ၊ Huawei G-610 ဖုန်း ၁ လုံး၊ Huawei G 730 ဖုန်း ၁ လုံး၊ Huawei G 629 ဖုန်း ၁ လုံးနှင့် အမျိုးအစားမမှတ်မိဖုန်း ၁ လုံး၊ ရွှေလက်စွပ်မောင်းကွင် ၂ ကွင်းတို့အား အသီးသီးလုယက်ယူဆောင်ခဲ့ ကြကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly