ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် Wanted အဖွဲ့၏ ပထမဆုံး One Man Show ဖြစ်သည့် Everybody’s Wanted Rock Show အတွက် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်တွင် ယနေ့(ဖေဖော်ဝါရီ ၈ ရက်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Wanted အဖွဲ့ ၏ တေးသီချင်းပေါင်း (၃၀) ကျော်ကို သီဆိုဖျော်ဖြေမည်ဖြစ်ကာ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး လက်မှတ်ဝင်ကြေးမှာ ကျပ် ၉,၀၀၀ ဖြစ်သည်။ လက်မှတ်များကို ယခုလ ၁၁ ရက်နေ့မှစတင်ကာ မန်းသီရိတေးသံသွင်း၊ City mart ဆိုင်ခွဲများ၊ Nobody Fashion Shop နှင့် Frolick ဆိုင်များ အစရှိသည့် နေရာပေါင်း ၂၀ တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
“တကယ့် ရော့ခ်ပရိသတ်တွေ၊ အရမ်းအဆိုကောင်းတဲ့ ဖော်ကာ၊ အတီးကောင်းတဲ့ Wanted နဲ့ ရောခ့်ပွဲ တစ်ပွဲကိုတော့ ကောင်းကောင်းဖြဲရမှာပါ” ဟု ပွဲစီစဉ်သူ ကိုအီကြာကွေးမှ ပြောသည်။
Wanted အဖွဲ့အနေဖြင့် တစ်ကိုယ်တော်အခွေ ထပ်မံ ထွက်နိုင်ရန် ကြိုးစားနေကြောင်း အဆိုတော် Fokker က ပြောသည်။
“အခုအချိန်မှာ ပထမဆုံးအနေနဲ့ One Man Show ပြုလုပ်တာဖြစ်ပါတယ်။ ပွဲကတော့ Rock Show တွေပုံစံအတိုင်းပဲ သီချင်းတွေကို အဓိက ထားပြီး Rock သွားမှာပါ” ဟု ၎င်းကဆက်ပြောသည်။
Wanted အဖွဲ့အနေဖြင့် နယ်လှည့်ဖျော်ဖြေ ပွဲများလည်း လုပ်နိုင်ရန် စီစဉ်နေကြောင်းသိရပြီး Wanted အဖွဲ့ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ယခုအချိန်တွင် ရောင်ခြည်၊ ငါ့ဂီတ ငါ့ဗီဇ နှင့် တစ်ယောက်တစ်နေရာမှ တေးစီးရီး (၃)ခွေ ထွက်ရှိထားပြီးဖြစ်သည်။