ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။ ။ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနက ဦးစီးပြီး ဖေဖော်ဝါရီလ ၆ ရက်မှ စတင်ဖွင့်လှစ်သင်ကြားပေးနေသည်။
သက်ကြီးရွယ်အိုများကို ရုပ်ပိုင်း၊ စိတ်ပိုင်း ၂မျိုးလုံး ပြုစုနိုင်ရန်အတွက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အို နေ့ပိုင်းပြုစုစောင့်ရှောက်ရေးဂေဟာတွင် ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်သည်။
“သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်တဲ့ နည်းစနစ်တွေပေါနော်။ စိတ်ပိုင်းဆိုင်ရာတွေ၊ အားကစားနဲ့ပတ်သက်တာတွေ ၊သူနာပြုဆိုင်ရာနည်းစနစ်တွေကို သင်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုတော့ အများဆုံးသင်ပေးပါတယ်”ဟု လက်ထောက်သင်တန်းမှူး ဒေါ်အေးအေးလွင်က ပြောသည်။
အဆိုပါ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ၂ လ သင်တန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးက သင်တန်းသား၂၈ ဦး တက်ရောက်သင်ကြားလျှက်ရှိသည်။ သက်ကြီးရွယ်အိုများကို စောင့်ရှောက်သည့်အခါ စိတ်ပျော်ရွှင်အောင်ထားပြီး အဓိကစောင့်ရှောက်နေကြောင်း လက်ထောက်သင်တန်းမှုး ဒေါ်အေးအေးလွင်က ပြောသည်။
“အသက်ကြီးလာတော့ အားငယ်မှုတွေက များလာတာပေါ့နော်။ အဲဒါကြောင့် သူတို့ကိုပျော်ရွှင်အောင် အများကြီး ပြုစုစောင့်ရှောက်ပေးရပါတယ်” ဟု မြိတ်မြို့နယ်၊ တောင်သာယာဘိုးဘွားရိပ်သာက ဆရာမဒေါ်ခင်စန်းက ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၆-၁၇ ထုတ်ပြန်ချက်အရ အစိုးရက ထောက်ပံထားသည့်သက်ကြီးရွယ်အို အရေအတွက် ၂သောင်းခွဲ နီးပါးရှိသည်။