တရားဥပဒေစိုးမိုးရေး ဟာသပြက်လုံးဖြစ်နေဟု ရေကြည်မြို့နယ်ကိုယ်စားလှယ်ပြော

တရားဥပဒေစိုးမိုးရေး ဟာသပြက်လုံးဖြစ်နေဟု ရေကြည်မြို့နယ်ကိုယ်စားလှယ်ပြော

ပုသိမ်၊ ဖေဖော်ဝါရီ ၆ ။              ။ ပြည်သူတွေစိတ်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ဟာသပြက်လုံးကြီးတစ်ခုလိုဖြစ်နေကြောင်း ရေကြည်မြို့နယ်၊ တိုင်းကိုယ်စားလှယ်က တိုင်းဒေသကြီးလွှတ်တော်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆွေးနွေးနေသည်။

"ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ မူလပိုင်ရှင် လွှတ်တော်မှ တရားစီရင်ရေးနဲ့ ပတ်သက်၍ စိစစ်ပြင်ဆင်ထောက်ပြမူ ပြုလုပ်ခြင်းကိုတောင် လွှတ်တော်ထဲမှာ မဆွေးနွေးသင့်ကြောင်းနှင့် မဲခွဲဆုံးဖြတ်ရမယ်အဆင့်ထိ ရောက်အောင် အခြေအတင်ဆွေးနွေးနေတာကို ပြည်သူတွေကိုယ်စား များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ဟာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တွေကို ထိန်းကျောင်းတည့်မတ်ဖို့ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အားလုံးသိရှိလိုက်နာဖို့ လိုပါတယ်”ဟု ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမျိုးညွန့်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ပြည်သူတွေစိတ်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ဟာသပြက်လုံးကြီးတခုလိုဖြစ်နေပါတယ် ဟု တိုင်းလွှတ်တော်တွင်ဆက်လက်ပြောဆိုဆွေးနွေးခဲ့သည်။

"တရားရေးမဏ္ဍိုင်အနေဖြင့် တရားစီရင်ဆုံးဖြတ်ရမှာ အမှုအသွားအလာ ပြစ်မှုခြင်းတူတာတေ၊ွ၊ ဖြစ်ရပ်ခြင်းတူတာတွေ ရှိနေနိုင်ပါတယ်။ ပြစ်ဒဏ်ခြင်း တူဖို့လိုပါတယ်။ ပြည်သူတွေက လိုက်နာနိုင်မှာပါ။ တစ်မြို့နဲ့တစ်မြို့ပြစ်ဒဏ်ချမှတ်ခြင်းများ မတူညီလျှင် ပြည်သူမှာ ယုံကြည်မှာမဟုတ်ပါဘူး။ ပြဿနာတိုင်းမဟုတ်သော ပြဿနာတော်တော်များများမှာ ဥပဒေအားနည်းချက်ကြောင့်ဆိုတာထက် ဥပဒေကို သိရှိနားလည်အသုံးချသူတွေရဲ့ မာယာတွေကြောင့် လွှတ်တော်ထဲ ရောက်ရှိလာခြင်းဖြစ်ပါတယ် ”ဟု ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမျိုးညွန့်က အဆိုထောက်ခံရန် လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် တရားသူကြီးအချို့၏ အဂတိလိုက်စားမှု များကိုတိုက်ဖျက်၍ မှန်မှန်ကန်ကန် စီရင်ချက် ချမှတ်စီရင်နိုင်ပါရန်နှင့် တရားရေးကဏ္ဍကို တာဝန်ရှိသူများမှ ထိန်းကျောင်း တည့်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆိုအား စတုတ္ထအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အဆိုအား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြံခင်းမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသော်ဇင်ဝင်း နှင့် ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမျိုးညွန့်တို့က ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly