ယခုနှစ်အတွင်း ဒုံးခွင်းဒုံးစနစ်ဖြန့်ကြက်ရေးကို တောင်ကိုရီးယားနှင့် အမေရိကန် တရားဝင်သဘောတူညီမှုရ

ယခုနှစ်အတွင်း ဒုံးခွင်းဒုံးစနစ်ဖြန့်ကြက်ရေးကို တောင်ကိုရီးယားနှင့် အမေရိကန် တရားဝင်သဘောတူညီမှုရ

ပြုံယမ်း၊ ဖေဖော်ဝါရီ ၂ ။          ။ တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်နေတဲ့ကြားက တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်ဒုံးခွင်းဒုံးစနစ်   ဖြန့်ကြက်ချထားရေးကို တရားဝင်သဘောတူညီလိုက်ပြီဟု တောင်ကိုရီးယားဝန်ကြီးချုပ်က ပြောပါတယ်။

မဟာမိတ်နှစ်နိုင်ငံအနေနဲ့ စီစဉ်ထားတဲ့အတိုင်း တောင်ကိုရီးယားနိုင်ငံတွင်းမှာ Terminal High Altitude Area Defense(THAAD) ဒုံးခွင်းဒုံးစနစ်ကို ယခုနှစ်ထဲ ဖြန့်ကြက်တပ်ဆင်သွားဖို့
တောင်ကိုရီးယား ဝန်ကြီးချုပ် ဟွန်ကျို့အန်းနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တီတို့က အတည်ပြုလိုက်တာဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။

ပင်တဂွန်အကြီးအကဲ ဂျိမ်းမတ်တီဟာ ဂျပန်အပါအဝင် ခရီးစဉ်ရဲ့ ပထမစတင်ရာနိုင်ငံအဖြစ် တောင်ကိုရီးယားနိုင်ငံကို ဖေဖော်ဝါရီ ၂ ရက်မှာ ရောက်ရှိလာတာဖြစ်ပါတယ်။ သမ္မတအဖြစ် ဒေါ်နယ်ထရမ့် တက်လာခြင်းနဲ့အတူ မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်အတွက် အမေရိကန်နှင့် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပူပန်မှု ရှိနေချိန်လည်းဖြစ်ပါတယ်။

ပင်တဂွန်အကြီးအကဲရဲ့ ခုခရီးစဉ်ဟာ ထရမ့်အစိုးရအတွင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးရဲ့ ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ စိတ်ဆတ်တဲ့ခေါင်းဆောင်ထရမ့်နဲ့ သူ့ရဲ့ ကိုယ်နိုင်ငံကိုယ် ကာကွယ်ပြုမှု မူဝါဒအောက်မှာ ဒေသတွင်း အမေရိကန်ပေါ်လစီရဲ့ အလားအလာအတွက် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတစ်ဦးရဲ့
အာရှခရီးစဉ်လည်းပဲဖြစ်ပါတယ်။

မဲကောက်ပွဲ မဲဆွယ်စဉ် ကာလတွေတုန်းကတော့ အာရှမဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ဘဏ္ဍာငွေအထောက်အပံ့ မပေးလာခဲ့ရင်
အမေရိကန်တပ်တွေကို ပြန်လည်ရုပ်သိမ်းမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အမေရိကန်တပ်တွေက တောင်ကိုရီးယားမှာ အင်အား ၂၈၅၀၀ နဲ့ ဂျပန်မှာ အင်အား ၄၇၀၀၀ ရှိနေတာပဲဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်နှစ်နိုင်ငံစလုံးမှာ ထရမ့်ရဲ့ ခြိမ်းခြောက်စကားကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ခုသီတင်းပတ်အတွင်းမှာတော့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက “မတ်တီရဲ့ ခရီးစဉ်က အမေရိကန်နိုင်ငံအနေနဲ့ မဟာမိတ်နိုင်ငံတွေအရေးမှာ ပါဝင်ထားတဲ့ ကိစ္စရပ်တွေကို မြဲမြံခိုင်မာစေရေး ထရမ့်အစိုးရကို အခွင့်အလမ်းတစ်ရပ် ဖော်ကျုးပေးတဲ့ ခရီးစဉ် ဖြစ်မည်ဟု မျှော်လင့်ထားပါကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly