လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားပြီး အင်ဒိုနီးရှားရှိ အဓိကလေဆိပ်တစ်ခု ယာယီပိတ်ထားခဲ့ရ

လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားပြီး အင်ဒိုနီးရှားရှိ အဓိကလေဆိပ်တစ်ခု ယာယီပိတ်ထားခဲ့ရ

ဖေဖော်ဝါရီ ၂ ။               ။ အင်ဒိုနီးရှားနိုင်ငံရှိ အဓိကလေဆိပ်တစ်ခုတွင် ဖေဖော်ဝါရီ ၁ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခရီးသည် ၁၃၀ လိုက်ပါလာသော အဆိုပါ အင်ဒိုလေယာဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေစဉ် လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားခဲ့ချိန် ယခုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုအမျိုးသားလေကြောင်းလိုင်း Garuda ၏ Boeing 737-800 လေယာဉ်မှာ ဖေဖော်ဝါရီ ၁ ရက်က ဂျာကာတာမြို့မှ ပျံသန်းလာပြီး ယော့ယာကာတာမြို့ အဒီဆူဂျပ်တိုလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့ခြင်းဖြစ်ကာ ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဟု ဆိုသည်။

ဖြစ်စဉ်ကြောင့် လေဆိပ်ကို ယာယီပိတ်ထားလိုက်ပြီး ဖြစ်ပွားသည့် နေရာမှ လေယာဉ်ကို ရွှေ့ပြောင်းမပြီးမချင်း ဆက်လက်ပိတ်ထားဦးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါ လေယာဉ်မှာ ခရီးသည် ၁၂၃ ဦး လိုက်ပါလာပြီး လေယာဉ်အမှုထမ်း ခုနစ်ဦးပါရှိကြောင်း Garuda လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့် ရှိသူ ဘန်နီ ဘူတာဘူတာက ထုတ်ပြန်ပြောကြားသည်။

ယခုဖြစ်စဉ်မှာလည်း ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်ခြင်းကြောင့် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အင်ဒို ပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာဂိုးစ် ဆူဘာဂီယိုက ပြောသည်။

ယင်းနိုင်ငံအနေဖြင့် မြောက်များစွာသော ကျွန်းစုများအကြား သယ်ယူပို့ဆောင်ရေးပိုင်းတွင် လေကြောင်းကိုသာ အားထားနေရပြီး ယခင်နှစ်များကတည်းက လူသေဆုံးစေသော   လေယာဉ်ပျက်ကျမှု   ဖြစ်စဉ်များနှင့် ရင်ဆိုင်ကြုံတွေ့ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly