အဓိက အတိုက်အခံခေါင်းဆောင် ကွယ်လွန်သွား၍ ကွန်ဂို၏ နိုင်ငံရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာ

အဓိက အတိုက်အခံခေါင်းဆောင် ကွယ်လွန်သွား၍ ကွန်ဂို၏ နိုင်ငံရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာ

ဖေဖော်ဝါရီ ၂ ။         ။ ကွန်ဂိုနိုင်ငံတွင် ကျရောက်နေသည့် နိုင်ငံရေးအကျပ်အတည်းများ ပြေလည်ရေး ဆွေးနွေးမှုများလုပ်ဆောင်နေချိန် သက်တော်ရှည် အတိုက်ခံခေါင်းဆောင် အက်တီယန် ရှီဆက်ကီဒီ ဘရတ်ဆဲလ်မြို့၌ ဖေဖော်ဝါရီ ၁ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

" ခေါင်းဆောင်ကြီး ဒီကနေ့ပဲ ဘရတ်ဆဲလ်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်" ဟု အတိုက်အခံပါတီ ဒီမိုကရေစီနှင့် လူမှုဆိုင်ရာ တိုးတက်ရေးပါတီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဘရူနို ရှီဘယ်လာက ပြောသည်။

အတိုက်အခံခေါင်းဆောင် အက်တီယန်မှာ ကျန်းမာရေးအခြေအနေ ယိုယွင်းနေခဲ့မှုကြောင့် နှစ်အနည်းငယ်ကြာအတွင်းကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သူလည်း ဖြစ်သည်။

၎င်းမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် ကွန်ဂိုမြို့တော်မှ တဆင့် လေယာဉ်ဖြင့် ဘယ်လ်ဂျီယံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေခဲ့သူဖြစ်ပြီး ယမန်နေ့ ညနေ ငါးနာရီ ၄၂ မိနစ်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ရှီဘယ်လာက ပြောသည်။

ကွယ်လွန်သွားသည့် အတိုက်အခံ ခေါင်းဆောင် အက်တီယန်ဦးဆောင်သည့် ကွန်ဂို အတိုက်အခံညွန့်ပေါင်းအဖွဲ့မှာ နိုင်ငံတွင် သွေးထွက်သံယို ဆူပူမှုများ ထပ်မံမဖြစ်စေဘဲ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရယူနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေလျက်ရှိသည်။

ယင်းနိုင်ငံတွင် လက်ရှိ အာဏာရသမ္မတ ဂျိုးဇက် ခါဘီလာမှာ ပြီးခဲ့သည့် နှစ်ကုန်က တရားဝင် အာဏာသက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း မဆင်းပေးသေးဘဲ နိုင်ငံကို ဆက်လက်ချုပ်ကိုင်ထားသူဖြစ်သည်။

ယခုအခါ အတိုက်အခံခေါင်းဆောင်ကြီး ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဝမ်းနည်းပူဆွေးမှုအထိမ်းအမှတ် စုရုံးခဲ့ကြသော ထောက်ခံသူလူအုပ်စုတစ်စုကို ရဲများက မျက်ရည်ယိုဗုံးဖြင့် ပစ်ခွဲ နှိမ်နင်းခဲ့မှုများ ရှိခဲ့ပြီးနောက် တင်းမာမှုများကို ပြန်လည်အရှိန်မြင့်လာစေခဲ့သည်။

အတိုက်အခံပါတီထောက်ခံသူ ၁၀၀ ခန့် ရဲများ၏ မျက်ရည်ယိုဓါတ်ငွေ့များဖြင့် နှိမ်နင်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး အချို့မှာလည်း ပါတီ ဌာနချုပ်တွင်းသို့ ဝင်ရောက်ပုန်းအောင်းခဲ့ကြရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags