အမေရိကန်ခရီးသွား ပိတ်ပင်ချက် ပြန်ရုတ်သိမ်းရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

အမေရိကန်ခရီးသွား ပိတ်ပင်ချက် ပြန်ရုတ်သိမ်းရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

ဖေဖော်ဝါရီ ၂ ။             ။ မွတ်ဆလင်နိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွားများအပေါ် ထုတ်ပြန်ထားသည့် အမေရိကန်အစိုးရ၏ ပိတ်ပင်မိန့်ကို ပြန်လည်ရုတ်သိမ်းရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီ ၁ ရက်က တောင်းဆိုတိုက်တွန်းလိုက်သည်။

သမ္မတ ထရမ့်ဦးဆောင်သည့် အစိုးရ၏ ယခုလုပ်ဆောင်ချက်ကြောင့် ယင်းနိုင်ငံတွင်းသို့ အကြမ်းဖက်သမားများ ဝင်ရောက်မည့် အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်လိမ့်မည်မဟုတ်ကြောင်း ကုလအကြီးအကဲက ပြောဆိုလိုက်သည်။

" ဒီလုပ်ဆောင်ချက်တွေကို အချိန်မနှောင်းခင် ခပ်မြန်မြန် ပြန်ရုတ်သိမ်းသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ တကယ်တမ်းဆိုရင် ဒါမျိုးလုပ်တာက ကျွန်တော်တို့ရဲ့ အခြေခံ စည်းမျဉ်းစံနှုန်းတွေကို ချိုးဖောက်ရာ ရောက်ပါတယ်၊ ရည်ရွယ်ချက်က အမေရိကန်တွင်းကို အကြမ်းဖက်သမားတွေ မဝင်ရောက်ဖို့ ဆိုပေမယ့် တကယ်တမ်း ထိရောက်မှု ရှိမယ်လို့ ကျွန်တော်မထင်မိဘူး" ဆိုပြီး ကုလသမဂ္ဂ အကြီးအကဲ ဂူတာရက်စ်က ပြောဆိုလိုက်သည်။

အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား နှင့် ယီမင်နိုင်ငံတို့မှ နိုင်ငံသားများကို အမေရိကန်သို့ ရက် ၉၀ ဝင်ခွင့် ပိတ်ပင်ခဲ့မှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်သံများ ထွက်ရှိလာပြီးနောက် ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့ကြီး၏ အကြီးအကဲ ဖြစ်သူကပါ ပါဝင်တောင်းဆိုတိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နိုင်ငံတွင်းသို့ အထက်ပါမွတ်ဆလင်ခုနစ်နိုင်ငံမှ နိုင်ငံသားများ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သကဲ့သို့ ဒုက္ခသည် ဝင်ရောက်ခွင့်ကိုပါ ပိတ်ပင်ချက်များ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly