ပုသိမ်၊ ဖေဖော်ဝါရီ ၁ ။ ။ ပုသိမ်မြို့ ရင်ပြင်တွင် ဟောပြောမည့် တရားပွဲကို လုံခြုံရေးအရ ခွင့်မပြုရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
"ဒုတိယညမှာ ဟောမယ့်ဆရာတော်ဟာ လူမျိုးရေးတရားတွေဟောပြောနေတဲ့ အနေအထားမျိုးရှိတဲ့ ဗုဒ္ဓအဆုံးအမတွေနဲ့ မကိုက်ညီတဲ့အနေအထားဖြစ်နေတဲ့ အပေါ်မှာ ပြည်သူတွေ မှတ်ချက်ပေးထားတာတွေ အများကြီးတွေ့နေရတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။
တရားပွဲပထမညတွင် ပုသိမ်မြို့၊ မစိုးရိမ်ကျောင်း ဘဒ္ဒန္တဝိဇယ သာသနာ့ဓဇ ဓမ္မစရိယဆရာတော်နှင့် ဒုတိယညတွင် မန္တလေးမြို့ ဆရာတော် ဘန္ဒာန္ဘ ပိစိတ္တာဘိဝံယ ဆရာတော်တို့က ဟောပြောရန် စီစဉ်ထားခြင်းဖြစ်သည်။
"သက်ဆိုင်ရာဝန်ကြီးများဖြစ်တဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ လုံခြုံရေးနှင့်နယ်စပ်ဒေသဝန်ကြီး မှတ်ချက်နဲ့ အစိုးရအဖွဲ့က တရားပွဲခွင့်ပြုရန် မသင့်ပါဘူးလို့ စာထွက်လိုက်တာ”ဟု ဝန်ကြီးက ဖြည့်စွက်ပြောသည်။
တရားပွဲစီစဉ်သူအား ခွင့်ပြုချက်မရမှုနှင့် ပတ်သက်ပြီးမေးမြန်းရာ လတ်တလောအခြေအနေပေါ်မူတည် ခွင့်မပြုတာမြင်မိတယ်။ ကျန်တဲ့ကိစ္စ ဘာမှမရှိဘူး၊ ခွင့်ပြုမိန့်ချမပေးတာ သူတို့အပေါ်မူတည်တာပါ။ လျှောက်ရမှာ ကျွန်တော်တို့တာဝန်ပဲ၊ ခွင့်ပြုမိန့်မချပေးတော့ ပွဲမဖြစ်ဘူး" ဟု ဦးဇော်ဝေကမဇ္ဈိမသို့ပြောသည်။