ဒီမိုကရေစီအစိုးရလက်ထက်မှာ မြေပြင်တိုက်ပွဲတွေ ဖြစ်သင့်တာထက်ပိုဖြစ်ရတာ ဘာကြောင့်လဲ

ဒီမိုကရေစီအစိုးရလက်ထက်မှာ မြေပြင်တိုက်ပွဲတွေ ဖြစ်သင့်တာထက်ပိုဖြစ်ရတာ ဘာကြောင့်လဲ

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်နဲ့ မေးမြန်းချက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။            ။ အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်တဲ့ အစိုးရ တက်လာတာ ၁၀လ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရသက်တမ်း တစ်နှစ်နီးပါးရှိလာတဲ့အချိန်မှာ ငြိမ်းချမ်းရေးအခြေအနေကရော ဘာတွေတိုးတက်ပြောင်းလဲမှုရှိလဲ၊ အရင် အရပ်သားအစိုးရဟောင်းနဲ့ ဒီမိုကရေစီအစိုးရလက်ထက် ငြိမ်းချမ်းရေးအခြေအနေ ကွာခြင်းချက်က ဘာတွေလဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အစိုးရအပေါ် ယုံကြည်မှုအခြေအနေက ဘယ်လိုရှိလဲ စတာတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဋ္ဌလည်းဖြစ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားပါတယ်။
 မေး။      ။ အရင်အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ ယခုအစိုးရလက်ထက် ၂၁ ရာစုပင်လုံ ဘာကွာခြားမှုရှိလဲ။

ဖြေ။       ။ ညီလာခံနှစ်ခုကလည်း NCA အပေါ်မှာအများကြီးအခြေခံတာလို့လည်း ပြောလို့ရတာပေါ့နော်။ အနေအထားတစ်ခုအရပြောမယ်ဆိုရင် NCA ရဲ့သဘော သဘာဝကတော့ ရှင်းရှင်းပြောရရင်တော့ ငြိမ်းချမ်းရေးတစ်နိုင်ငံလုံး လွှမ်းခြုံမယ့် အနေအထားတစ်ခုကိုဆိုလိုတာပါဗျ။  တကယ်တမ်း ဦးသိန်းစိန်လက်ထက်ကလုပ်ခဲ့တဲ့ ညီလာခံကလည်း ကျွန်တော်တို့ လက်နက်ကိုင်အားလုံး ပါဝင်ခြင်းမရှိရင်လည်း လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့ ၈ဖွဲ့နဲ့ ညီလာခံလည်းဖြစ်တာပေါ့နော်။ အဲ့မှာ ကျွန်တော်တို့မြင်တာကတော့ NCA မှ အသားမကျသေးပဲနဲ့ ခိုင်မာချက်မရှိသေးပဲနဲ့လောပြီး သွားတာမျိုးကိုတော့ ကျွန်တော်တို့မဖြစ်စေချင်ဘူးပေါ့နော်။ ပျော့ပျောင်းဆီလျော်အောင်လည်း ညီလာခံရဲ့အနေအထားနဲ့ သိက္ခာတန်ဖိုးတဲ့ အညီပေါ့နော်   ဖြစ်ပေါ်တာမျိုးကိုလိုချင်တာပါ။ အဲ့တုန်းကတော့ အဲ့လိုမဖြစ်ခဲ့ဘူးပေါ့နော် အဲ့တာကြောင့်လည်း ရလာဒ်ကောင်းလည်းမရခဲ့ဘူးပေါ့နော်။ ဒီဘက်ပိုင်းမှာ ၂၁ပင်လုံညီလာခံကြီးကို ကျွန်တော်တို့ NLD အစိုးရလက်ထက်ကျပြန်တော့လည်း ညီလာခံကလည်းပဲ ဘယ်ပေါ်မှာသွားအခြေခံသလဲဆိုတော့ ဒါလည်း NCA ကိုပဲ အခြေခံပြီးသွားတာပေါ့ ဒီ ၂၁ ညီလာခံမကျင်းပခင်မှာလည်း ကျွန်တော်တို့ပြောခဲ့သလိုပဲ NCA ကိုပဲအခြေခံတဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ NCA ပါအကြောင်းအရာ အချက်အလက်တွေနဲ့ အားလုံးပါဝင်ပြီး အားလုံးတပြေးညီ တန်းတူညီတူ ပါနိုင်ဖို့နောက်ပြီးတော့  ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အားလုံးရဲ့ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု လိုချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ညှိနှိုင်းဆွေးနွေးနေရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကျွန်တော်တို့အားလုံး သဘောတူလက်ခံတဲ့အနေအထားမျိုးနဲ့ NCA ခိုင်ခိုင်မာမာရယူနိုင်ပြီလားဆိုတော့ အဲ့ဒီ့ဟာမျိုးလည်းမဖြစ်သေးပါဘူး။ အဲ့တော့ သတ်မှတ်ထားတဲ့အချိန်နဲ့ တပြေးညီလုပ်ရမယ်လို့ အခြေခံစဉ်စားချက်ရှိတဲ့  အပေါ်မှာလုပ်လိုက်ရတယ်ဆိုတဲ့ အနေအထားမျိုးလည်းရှိတာပေါ့ဗျာ။ ဆိုတော့ အားလုံးလည်းပါဝင်နိုင်တဲ့အခင်းကျင်းလည်းဖြစ်အောင် အာလုံးပါဝင်တဲ့ ပြည့်စုံမှုရှိအောင်ဆိုတဲ့ အစီအစဉ်မျိုးနဲ့ မသိမသာလေးခဏလေး ခြွင်းချက်အနေနဲ့ထားပြီး ကျင်းပတယ်လို့ပြောလို့ရတာပေါ့နော်။ ပထမကျင်းပ ဒုတိယအကြိမ်ညီလာခံကတော့ အဲ့မတူကွဲပြားမှုလေးတွေတော့ ရှိတယ် ဒုတိယအကြိမ်လုပ်တဲ့ညီလာခံမှာကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကပဲ အမြင်သဘောထားတွေ တင်ပြတဲ့အခွင့်အလမ်းတွေတော့ ဖွင့်ထားပေးတာပေါ့ ဒီဟာလေးကတော့ နည်းနည်းလေးမတူကွဲပြားမှု ရှိတာပေါ့ ။ ပထမအကြိမ်ညီလာခံနဲ့စာရင်ပေါ့ ဒါပေမယ့် ဒါကလည်း ပြီးုပြည့်စုံတဲ့ညီလာခံသဘောမျိုးသွားပြီလားဆိုတော့ မဟုတ်ပါဘူး ဒါလည်းခိုင်မာတဲ့အနေအထားမျိုးမရောက်သေးပါဘူး။

မေး။      ။ ဆွေးနွေးမှုတွေ နှစ်နဲ့ချီပြီးလုပ်နေတယ်ပေါ့။ အဲ့ကြားထဲကတိုက်ပွဲတွေကလည်း ဖြစ်နေတော့ ဘာတွေများ ကွာခြားချက်ရှိနေလို့လဲ။
 
ဖြေ။       ။ အရင်သမ္မတဦးသိန်းစိန်လက်ထက်နဲ့ ဒီNLD အစိုးရလက်ထက် ဆွေးနွေးတာ ကျွန်တော် သုံးသပ်တဲ့ အခါကျတော့ အရင်ဦးသိန်းစိန်လက်ထက်တုန်းက   တွေ့ဆုံဆွေးနွေးမှု အခြေအနေဟာ တွေ့ဆုံဆွေးနွေးရင်းနဲ့ မြေပြင်မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တာပဲ။ သို့သော် ဒီလိုမြေပြင်ကဖြစ်နေတဲ့အခြေနေတွေကို စားပွဲဝိုင်းမှာလည်းတင်ပြဆွေးနွေးအဖြေရှာပြီး ကြိုးစားခဲ့တာလေးတွေရှိတယ်။ အထူးသဖြင့်ကတွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့ နေရာမှာ အလွတ်သဘော မကြာခဏတွေ့ဆုံကြတာတွေရှိသလို တရားဝင် ညှိနှိုင်းအဖြေရှာဖို့   ဆွေးနွေးခဲ့တာတွေလည်း ရှိတာပေါ့။ အဲ့တော့ ဒီ NLD အစိုးရလက်ထက်မှာကျတော့ ကျွန်တော်တို့ ထဲထဲဝင်ဝင်ပြီးတော့ တရားဝင်စွာ အချိန်နဲ့တပြေးညီ မကြာခဏတွေ့ဆုံဆွေးနွေးပြီးအဖြေရှာဖို့ ကြိုးစားတဲ့ အနေအထားတော့ အားနည်းချက်တွေရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဒါကတော့ သမ္မတဦးသိန်းစိန်လက်ထက်နဲ့ ဒီ NLD လက်ထက်မှာ မတူကွဲပြားတဲ့နည်းနည်းရှိတာကို တွေ့ရတာ။ ကျွန်တော့်အနေ နဲ့ရှင်းရှင်းပြောရရင် အချိန်နဲ့တပြေးညီ ပြသာနာတွေ ဒီလိုမျိုး မကြာခဏ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတဲ့ မကြာခဏ မလုပ်တဲ့အတွက်ကြောင့်မို့လို့   မြေပြင်က တိုက်ပွဲအခြေနေတွေဟာ ပိုပြီးတော့ ဖြစ်သင့်တဲ့ အနေအထားထက်ကျော်လွန်ပြီးတော့ ဖြစ်ရတာ ဒီအခြေခံကြောင့်များလား တော့ ကျွန်တော်တို့ စဉ်းစားမိပါတယ်။

မေး။      ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုပုံစံမျိုး ဦးတည်နေတယ်လို့မြင်လဲ။

ဖြေ။       ။  ဒီနေရာမှာ အဓိကကတော့ ရင်းနှီးမှုနဲ့ယုံကြည်မှုက အင်မတန်အရေးကြီးတယ်လို့ထင်တယ် ရင်းနှီးမှုနဲ့ ယုံကြည်မှု နှစ်ဖက်စလုံးကရရှိဖို့ဆိုတာ မကြာခဏတွေ့ဆုံဖို့လိုတယ်။ မကြာခဏလည်း ပြောကြဆိုကြဖို့လိုတယ် ပြေကြဆိုကြဆိုတဲ့နေရာမှာ တရားဝင်ရော တရားမဝင်ရောပေါ့နော်။ ဒါတွေ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခါ တစ်ယောက်အကြောင်းကိုတစ်ယောက် အပြန်အလှန်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းသိမြင်သွားမယ်လို့ထင်တယ်။ အဲ့လို သိနိုင်ဖို့အတွက် နောက်တစ်ခါဆွေးနွေးဖက်တွေဖြစ်တဲ့အတွက် ဆွေးနွေးဖက်တွေအနေနဲ့ တစ်ဦးကိုတစ်ဦးအပြန်အလှန်အသိအမှတ်ပြုဖို့လိုမယ် တန်းတူညီတူအနေအထားအောက်မှာ သတ်မှတ်ပြီးတော့ တွေ့ဆုံးဆွေးနွေးအဖြေရှာကြဖို့လိုတာပေါ့နော်။

မေး။      ။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဘာတွေ ထူးခြားပြောင်းလဲခဲ့တာရှိလဲ။

ဖြေ။       ။ ဒီနေရာမှာ ကျွန်တော် အဓိက ပြောချင်တာကတော့ ယုံကြည်မှုကအဓိကပဲ။ ယုံကြည်မှုက တစ်ချိန်လုံးမရှိခဲ့ဘူးလို့ပြောလို့လည်းရတယ်။ လာမယ့် အစိုးရကို ယုံကြည်မှုရှိလာလားဆိုတော့ ရှိမလာဘူးဗျ။ ရှိမလာတဲ့အကြောင်းအရင်းကတော့ တွေ့ဆုံဆွေးနွေးမှုက တစ်ဖက်ကိုတစ်ဖက် ထားရှိတဲ့ စိတ်နေစိတ်ထားတွေ အမြင်သဘောထားတွေ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်းနားလည်မှု ပိုအားကောင်းအောင် မတည်ဆောင်နိုင်ခဲ့လို့ပဲ ကျွန်တော်ထင်တယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံကြတယ်။ အခုအချိန်အခါမှာ အဆင့်တစ်ဆင့်ကို ရောက်သင့်ပြီလို့ ကျွန်တော်တို့မြင်တယ်။ အဲ့လိုဖြစ်ဖို့ဆိုတာက ငြိမ်းချမ်းရေးခရီးကို ခိုင်မာအောင်လုပ်ချင်တယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ NCA မှာ မကြေလည်တဲ့အကြောင်းအချက်တွေကို နှစ်ဖက်နားလည်မှုတည်ဆောက်ပြီးတော့ သဘောတူလက်ခံ နားလည်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုကိုရအောင် ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ဖြစ်တယ် နောက်ပြီးတော့ ပြသာနာအဝိုင်းဝန်းထဲမှာ ပါဝင်တဲ့သူတွေကတော့ အချိန်နဲ့တပြေးညီပါဝင်ပက်သက်နေဖို့လိုတယ် ပါဝင်ခွင့်ရှိဖို့လိုတယ် ပါဝင်နိုင်တဲ့ အခင်းကျင်းကို ဖန်တီးပေးဖို့လို့ထင်တယ်။ ဒီနေရာမှာ မတူကွဲပြားမှုလည်း ရှိနိုင်ပါတယ်။ အားလုံးအကုန်လုံးဖြစ်ရမယ်ဆိုတဲ့ သဘောကိုပြောတာမဟုတ်ဘူးပေါ့နော်။ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အချိန်မှာ ပါဝင်သင့်သူတွေ ပါဝင်ဖို့။ ကျွန်တော်တို့အနေနဲ့ကတော့ ခိုင်မာတဲ့ NCA သဘောတူညီမှုတစ်ခုကို ရယူချင်တာပေါ့နော် အဲ့လိုအနေအထားမျိုးအောက်မှာ ငြိမ်းချမ်း ဖြစ်စဉ်ထဲ ခိုင်ခိုင်မာမာ သဘောတူမှုရယူထားပြီးမှ ရှေ့ဆက်သွားမယ့် အဆင့်တွေရှိပါတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့ကတော့ မှန်းထားပြီးသားအဆင့်တွေ ရှိပါတယ်။ ဒါကလည်း အားလုံးသဘောတူလက်ခံနိုင်တဲ့ အနေအထားမျိုးကိုဖြစ်ပါတယ်။ အဲ့တော့ ဥပမာ မကြာခင်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းပြောတာပေါ့နော်။ သတင်းမီဒီယာမှာ ကျွန်တော်တို့ NCA လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းတွေဟာ ဘာအကျိုးတရားမျှော်ကိုးတာမျိုးရှိသလဲပေါ့ အဲ့သလိုမေးခွန်း ကျွန်တော်တို့ကိုထုတ်သလို ပြောတာဆိုတာမျိုးတွေကြားရပါတယ်ဆိုတော့ ကျွန်တော်တို့မှာ အကျိုးတရားတွေရှိတာတော့အမှန်ပဲ အဲ့ဒီ့အကျိုးတရားက ဘာလဲဆိုလို့ရှိရင်  အဆင့်နှစ်ဆင့်နဲ့ ကျွန်တော်ပြောချင်ပါတယ်။ ပထမအဆင့်က ဘာလည်းဆိုလို့ရှိရင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ကျွန်တော်တို့ ခိုင်မာအောင် ရယူချင်တယ်။ ကျွန်တော်တို့ရ ယူလိုက်တဲ့ ခိုင်မာတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးတဲ့နောက်ပိုင်းမှာ ဒုတိယအဆင့် မျှော်ကိုးမှုတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကတော့ ပြောပြီးဖြစ်ပါတယ်။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ပြဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရေးပဲဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ NCA လက်မှတ်မထိုးရတသေးတဲ့အဖွဲ့ အစည်းတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အကျိုးမျှော်လင့်ချက်ကဒါတွေပါပဲ တခြားမရှိပါဘူး။ ကျွန်တော်တို့မှာ ကိုယ်ကျိုး အဖွဲ့အစည်းတစ်ခုခြင်းရဲ့အကျိုးဆိုတာမရှိပါဘူး။ ကျွန်တော်တို့အကျိုးကတော့ ခုနကပြောတဲ့ အတိုင်းပဲ NCA ကိုခိုင်မာအောင်လုပ်မယ်။ ဒါကတော့ ပထမအဆင့် အကျိုးကို လိုချင်တာဖြစ်ပါတယ်။ ဒုတိယအကျိုးကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပါပဲ။ ဒါကတော့ ကျွန်တော်တို့ရဲ့ လက်မှတ်မထိုးနိုင်ရသေးတဲ့အကျိုး စီးပွားလို့ပြောလို့ရပါတယ်။ ဒါကလွဲရင် တခြားအကျိုးစီးပွားမရှိပါဘူး။

မေး။      ။ NCA လည်းမထိုးရသေးဘူးပေါ့ တိုက်ပွဲတွေလည်းဖြစ်နေတုန်းပဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေသေးစေတဲ့ အဓိကအကြောင်းအရင်းက ဘာများလဲ။

ဖြေ။       ။ ဒါကလည်းပဲ သတ်သတ်မှတ်မှတ်ပြောရခက်ပါတယ်။ ဒီနေရာမှာ အထူးသဖြင့်ပေါ့နော် တပ်မတော်ရဲ့အမြင်သဘောထားကဘာရှိနေသလဲ ကျွန်တော်တို့ တိတိပပ ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ကျွန်တော်တို့ အမြဲတမ်းတစ်လျောက်လုံး ဖြစ်သန်းလာတဲ့ အတွေ့အကြုံအရပြောရမယ်ဆိုလို့ရှိရင် တွေ့ဆုံဆွေးနွေးမှုက အဆင်ပြေတဲ့ အဆင့်တစ်ခုခုကိုရောက်တော့မယ်ဆိုလို့ရှိရင် မြေပြင်မှာတိုက်ပွဲတွေက အမြဲတမ်းဖြစ်ပေါ်လေ့ရှိပါတယ်။ အဲ့တာကတော့ တမင်တကာ ကြံရွယ်လား ဘာလဲဆိုတာတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူးပေါ့နော် အခြေခံအကြောင်းတရားတွေတော့ ရှိကောင်းရှိမှာပေါ့။

မေး။      ။  ငြိမ်းချမ်းရေး ရဖို့ဆိုတာ လက်ရှိအစိုးရကာလသက်တမ်းမှာ ဖြစ်နိုင်ပါ့မလား။ ဘယ်လိုအခြေနေမျိုးမှ ဖြစ်နိုင်မှာလဲ။

ဖြေ။       ။ ကျွန်တော်တို့နှစ်ဖက်စလုံးက တကယ်ဆန္ဒအရင်းခံ အမာခံရှိတယ်ဆိုလို့ရှိရင်တော့ ရနိုင်ပါတယ်။ မရနိုင်ဘူးဆိုတာမရှိပါဘူး။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ နှစ်ဖက်အနေနဲ့ ရင်းနှီးမှုကိုတည်ဆောက်ဖို့ ရင်းနှီးမှုကတစ်ဆင့် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ပဲအရေးကြီးပါတယ်။ အဓိက ကတော့ အပြန်အလှန် အသိအမှတ်ပြုဖို့ပဲ အရေးကြီးတာပေါ့နော်။ ဒီအတိုင်းအနေနဲ့ ရှေ့ဆက်သွားရင်အဆင်ပြေနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly