ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။ ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှု၌ တရားခံဝိုင်းဝန်းဖမ်းဆီးပေးရာတွင် အသက်ဆုံးရှုံးသွားခဲ့ရသည့် အငှားယာဉ်မောင်း ကိုနေဝင်း(ခ) ကိုဝင်းလွင်၏ သားများအတွက် ပညာရေးရံပုံငွေ တစ်ရပ်ကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ယနေ့ ဇန်နဝါရီ ၃၀ ရက်က ထူထောင်လိုက်သည်။
ကွယ်လွန်သူ ကိုနေဝင်း(ခ)ကိုဝင်းလွင် (အငှားယာဉ်မောင်း) နှင့် ဇနီး မစုသက်ခိုင်တု့ိ၏ သားများဖြစ်သည့် သားကြီး ဖုန်းမြတ်ကျော်(ဒုတိယတန်း)၊ သားလတ် လင်းလက်ကျော်(မူကြို)၊ သားငယ်(၄၅ ရက်သား ၊အမည်မပေးရသေး) တို့ ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ရန် အဆိုပါ ရန်ပုံငွေထူထောင်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ငါးသိန်းကျပ် ၊ ကမ္ဘောဇအနာဂတ် အလင်းတန်းဖောင်ဒေးရှင်းမှ ကျပ်သိန်းတစ်ရာ ၊ Sky Net ရုပ်သံ မှ ကျပ်သိန်းတစ်ရာ၊ ကျား မသန်းဌေး မိသားစုမှ ကျပ်ဆယ်သိန်း လှူဒါန်းထားပြီးဖြစ်ကြောင်းသိရသည်။
ထပ်မံလှူဒါန်းလိုသူများ အနေဖြင့် ကမ္ဘောဇ(KBZ)ဘဏ်၊ ရွှေဘုံသာဘဏ်ခွဲ(၁)စာရင်းနံပါတ်(04030100401548401) သို့ ထည့်ဝင်လှူဒါန်းနိုင်သည်ဟု ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) က ကြေညာထားသည်။