ဆန်တီယာဂို၊ ဇန်နဝါရီ ၂၇ ။ ။ ချီလီနိုင်ငံ၏ သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်သည့် တောမီးအား ငြှိမ်းသတ်ရန် နိုင်ငံတကာ၏ အကူအညီများ ရောက်ရှိပြီဖြစ်သည်။
ရုရှနိုင်ငံက ရေတန်ချိန်များစွာ တင်ဆောင်နိုင်သော အထူးဝန်တင်ရဟတ်ယာဉ်ကြီးတစ်စင်း ပေးပို့ထားသည်။
နိုင်ငံ၏ အလယ်ပိုင်းတွင် အနှံ့အပြားပျံ့နှံ့လောင်ကျွမ်းသည့် တောမီးတွင် လေပြင်းတိုက်ခြင်းကြောင့် ပို၍ မီးအားကြီးစေကာ အပူချိန်များ မြင့်တက်နေသည်။
ဆန်တာအိုလဂါမြို့က တောမီးလောင်မှုကြောင့် ပျက်စီးခဲ့ရသည်။ မြို့ရှိ အိမ်ခြေတစ်ထောင်ကျော်မှာ မီးလောင်မှုကြောင့် ပျက်စီးသည်။
မီးဘေးသင့်ရာဇုန်သို့ ဇန်နဝါရီ ၂၅ ရက်က လာရောက်ကြည့်ရှုခဲ့သည့် သမ္မတ မီရှယ်ဘာရှလိတ်က သူမအနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို မီးငြှိမ်းသတ်ရာတွင် နောက်ထပ်ဖြည့်စည်းမှုများ လုပ်ဆောင်ရန်နှင့် မီးဘေးသင့်ပြည်သူများအတွက် အကူအညီများပေးရန် အမိန့်ထုတ်ထားကြောင်း ပြောသည်။ အမေရိကန်နိုင်ငံကလည်း မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေါ်လာတစ်သိန်း အကူအညီပေးထားပြီး ပြင်သစ်က ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပို့ထားကြောင်း သိရသည်။