မြေယာအရှုပ်အရှင်းနှင့် မြေစျေးနှုန်းကြီးမြင့်မှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြင့်တက်ရန် အဟန့်အတားဖြစ်နေ

မြေယာအရှုပ်အရှင်းနှင့် မြေစျေးနှုန်းကြီးမြင့်မှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြင့်တက်ရန် အဟန့်အတားဖြစ်နေ

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသည့်အတိုင်း မရရှိသည့်အကြောင်းရင်းများထဲတွင်  မြေယာအရှုပ်အရှင်းကိစ္စရပ်များနှင့် မြေဈေးနှုန်းကြီးမြင့်မှုများ အဓိကပါဝင်ကြောင်း ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၄)က ရန်ကုန်မြို့ UMFCCI တွင်ကျင်းပသည့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အသက်ဝင်ရန် နည်းဥပဒေ ရေးဆွဲသတ်မှတ်ရေး အစည်းအဝေးတွင် မီဒီယာများကို   ပြောကြားခဲ့ခြင်းဖြစ်သည်။

 “အထူးသဖြင့် ထုတ်လုပ်ရတဲ့လုပ်ငန်းရှင်တွေအတွက် ဟိုတယ်တွေဆောက်ဖို့ မြေလိုတဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေမှာ သူတို့လာလုပ်တဲ့အခါ မြေယာကိစ္စ မရှင်းလင်းတဲ့ ကိစ္စမျိုးတွေ ဖြစ်တဲ့အခါကြတော့ သူတို့အတွက် လာရောကရင်းနှီးမြှုပ်နှံရမှာ နည်းနည်းလေး စိုးရိမ်ကြောင့်ကြမှုတွေရှိတယ်။ နောက်ပြီး မြေဈေးအနေအထားတွေကလည်း သူများနိုင်ငံနဲ့စာရင် တော်တော်လေး ကြီးမြင့်နေတဲ့ ကိစ္စတွေအတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကစဉ်းစားနေတဲ့အချက်ဖြစ်နေပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးဖြစ်ပြီး  နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲသတ်မှတ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အဆိုပါအစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့  တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများ သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးဝင်းရှိန်းမြတ်က တိုင်းရင်းသားများ၏ ဓလေ့ထုံးစံ မြေယာအသုံးချမှု ကိုအကာအကွယ်ပေးသည့်  ဥပဒေများလည်း ပေါ်ထွက်လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ဒီကိစ္စရပ်တွေက ဥပဒေအရ အတည်မပြုသေးဘူး ဖြစ်နေတာ။ ဥပဒေပါလာမှသာလျင် ဒါကဖြစ်မယ်။ အဲဒီတော့ ဥပဒေအားသာချက်ဖြစ်အောင်လို့ ကျွန်တော်တို့က အကာအကွယ်ပြုရခြင်းဖြစ်တာပေါ့။ အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဓလေ့ထုံးတမ်းစဉ်လာမြေယာများ အသုံးချမှုက အရေးကြီးပါတယ်။ ဒီကိစ္စတွေကို ကိုယ့်တိုင်းရင်းသားတွေအတွက် ၊ ကိုယ့်တောင်သူလယ်သမားများတွေအတွက် အကာအကွယ်မရှိသေးတဲ့ ဥပဒေတွေမရခင် Investment Law တွေ အတည်ပြုပြီးတော့ ရင်းနှီးမြှုပ်နှံမှု လာလိမ့်မယ်ဆိုရင် ခုနကပြောတဲ့ ၂၀၁၂ လယ်ယာမြေ၊ မြေလွတ်မြေလပ်မြေရိုင်းအရက ကျွန်တော်တို့ သိမ်းယူခြင်း ခံရနိုင်ပါတယ် ဆိုတော့ ဒီဥပဒေကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့ လိုတာပေါ့” ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly