လူ ၈ ဦး မီးလောင်သေဆုံးမှုတွင် ယာဉ်မောင်းမှာ လွတ်မြောက်သူ ဖြစ်နေ

လူ ၈ ဦး မီးလောင်သေဆုံးမှုတွင် ယာဉ်မောင်းမှာ လွတ်မြောက်သူ ဖြစ်နေ
Photo-Myanmar Fire Services Department

ဇန်နဝါရီ ၂၃ ။           ။ လူ ၈ ဦး မီးလောင်သေဆုံးခဲ့သော အမြန်လမ်းယာဉ်တိုက်မှုတွင် လွတ်မြောက်လာသူမှာ မော်တော်ယာဉ် မောင်းနှင်ခဲ့သူ ဖြစ်ကြောင်း သိရပြီး ယနေ့နနံနက်ပိုင်းတွင် ဝန်ခံထွက်ဆိုခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

ပုဂံမှ ပြန်လာသော အဆိုပါ Hi Ace မော်တော်ယာဉ်မှာ ရန်ကုန်မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၄/၂ - ၄/၃ ကြား (အပြန်လမ်း)တွင် ဇန်နဝါရီ ၂၁ရက်၊ နံနက် ၈နာရီခွဲခန့်တွင်   ရှေ့ညာဖက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းဘောင်အား တိုက်မိပြီး ယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်ပေါ်တွင် ပါရှိသူ ကျား ၂ ဦး၊ မ ၇ ဦးအနက်  အမျိုးသမီး ၇ ဦးနှင့် ဦးဝင်းထွန်းတို့ ကားအတွင်း မီးလောင်သေဆုံးခဲ့သည်။ ကျား ၁ ဦးသာ လွတ်မြောက်ခဲ့ပြီး ၎င်းမှ သေဆုံးသူ ဦးဝင်းထွန်းမောင်းနှင်သည်ဟု ကနဦးထွက်ဆိုခဲ့သည်။

အဆိုပါ မီးလောင်မှုအား သေဆုံးသူမိသားစုဝင်အချို့မှ သံသယရှိခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။

သေဆုံးသူတစ်ဦးဖြစ်သော မဝင်းပပဌေး(အသက် ၁၈နှစ်) ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်မင်းက “ ယာဉ်မောင်းဘယ်သူဆိုတာ မသဲကွဲဘူး ဖြစ်နေတယ်။ နောက်ပြီး  လူရှစ်ယောက်သေပြီး တစ်ယောက်ပဲ ကျန်ခဲ့တယ်။ မကယ်ဘဲကြည့်နေခဲ့တာလား။ လုပ်ကြံမှုလား။ ကယ်ဖို့ကြိုးစားဖို့ အခွင့်အရေးမရှိခဲ့တာပဲလား” ဟု ၎င်းဖြစ်စဉ်အပေါ် ပြောသည်။

သေဆုံးသူတစ်ဦးတွင်အပါအဝင်ဖြစ်သော ဦးဝင်းထွန်း (စီးအီးအို)၏ ဇနီးမှ သေဆုံးသူမိသားစုများအား ယာဉ်တိုက်မှုဖြစ်ပြီးနောက်နေ့တွင် ကျပ် ငါးသိန်း ပေးအပ်ခဲ့ကြောင်း သိရပြီး ယနေ့အချိန်ထိ ရဲတပ်ဖွဲ့မှ ဆက်သွယ်လာခြင်းမရှိသေးဟု ကိုအောင်ကျော်မင်းက ပြောသည်။

ကိုအောင်ကျော်မင်းက “ လုံးဝမကျေနပ်ဘူး။ ယာဉ်မတော်တဆမှုဆိုရင်တော့ စိတ်နာနာနဲ့ ဖြေရမှာပေါ့။ လုပ်ကြံမှုဆိုရင်တော့ သည်းခံနိုင်စွမ်းမရှိဘူး” ဟု မဇ္ဈိမသို့ ယနေ့ ဇန်နဝါရီလ ၂၃ရက် ည ၇ နာရီခန့်တွင် ပြောသည်။

သေဆုံးသူ မသင်းသင်းမော်၏ ခင်ပွန်းဖြစ်သော ကိုအောင်ကိုဦးကလည်း ယင်းယာဉ်တိုက်မှုအတွက် သံသယရှိကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည်။

အဆိုပါယာဉ်မတော်တဆမှုအား အမှတ်(၃)အမြန်လမ်းရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly