သခင်မြပန်းခြံကိုပြင်ဆင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

သခင်မြပန်းခြံကိုပြင်ဆင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။          ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘတ်စ်ကားစောင့်ဆိုင်းစဉ် အဆင်ပြေမှုရှိစေရန် သခင်မြပန်းခြံကို ပြင်ဆင်မည်ဟု  ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။  

ဝန်ကြီးချုပ်မှ ယနေ့ YBS ၅၆ စီးနင်းရန် သခင်မြပန်းခြံသို့ ရောက်ရှိစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြုပြင်မည့်အကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ဒီပန်းခြံထဲကိုလည်း အားလုံးလွယ်လွယ်ဝင်လို့ထွက်လို့ရပြီးတော့ ဒီအထဲမှာလည်း ဟိုဘက်၊ ဒီဘက်ကူးလို့၊ ဖြတ်လို့ရမယ့်နေရာလေး ကျွန်တော်တို့ စီစဉ်မယ်။ အင်တာနေရှင်နယ်မှာဆိုရင်တော့ပေါ့ဗျာ။ ကားတွေ တစ်စီးနဲ့တစ်စီး ပြောင်းစီးလို့ရမယ့်နေရာလေး။  မိုးရာသီမှာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ၊ ထီးမပါဘာညာဆိုလည်း နေလို့ရအောင် ဒီပန်းခြံလေးကို ကျွန်တော်တို့ပြင်မယ်” ဟု ပြောသည်။

ထို့ပြင် အနုပညာဖျော်ဖြေမှုများပါ ထည့်သွင်းမည်ဟု ပြောခဲ့ပြီး  “ နောက်ပြီးတော့ဒီပန်းခြံလေးကိုလည်း အနုပညာသမားတွေလာပြီးတော့ ဖျော်ဖြေလို့ရအောင် အနုပညာဖန်တီးမှုလေးတွေလုပ်လို့ရအောင် စီစဉ်မယ်။ ဘာကြောင့်လဲဆိုတော့ ဘတ်စ်ကားတွေ ချိန်းတဲ့အချိန်မှာ အားလုံးက ဟိုကြည့်ဒီကြည့်ပြီးမှ နောက်တစ်စီးကို ပြောင်းစီးသွားတယ်ဆိုတာက နိုင်ငံတကာမှက ဒီလိုပဲလုပ်ပါတယ်” ဟု ဝန်ကြီးချုပ်မှ ပြောသည်။

လက်ရှိတွင် YBS ၁၄၊ ၁၉၊ ၂၂၊ ၂၃၊ ၄၀၊ ၄၁၊ ၅၆၊ ၅၇ အစရှိသော ယာဉ်လိုင်းများသည် သခင်မြပန်းခြံ၌ ဂိတ်ဆုံးပြီး ရန်ကုန်မြို့အနှံ့အပြားမှ ခရီးသည်များ လာရောက်စီးနင်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly