ဇန်နဝါရီ ၁၆ ။ ။ အများပိုင်ဘတ်စ်ကားစနစ် စတင်ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ရက်တွင် လမ်းခရီးကြန့်ကြာမှုများရှိပါက ရုံးတက်ချိန်အား နောက်ကျခွင့်ပြုခဲ့သည်ဟု ကုမ္ပဏီအချို့ထံမှ သိရသည်။
ရုံးတက်ချိန်အား ပုံမှန်ထက် တစ်နာရီနီးပါးခန့် နောက်ကျခွင့်ပြုထားခဲ့ပြီး ကားလိုင်းများ စီးရတာတွင် ကြန့်ကြာမှုဖြစ်ပေါ်ပါက အဆင်ပြေစေရန်ဖြစ်သည်ဟု သိရသည်။
“ ပုံမှန်ချိန်တွေမှာနောက်ကျရင် ဝန်ထမ်းတွေကို အရေးယူပေမယ့် ဒီရက်ကစပြီး ဝန်ထမ်းတွေ အသားကျသွားတဲ့ အချိန်အထိ နောက်ကျခွင့်ပြုသွားမယ် ” ဟု KOL-TN ကုမ္ပဏီမှ ဒုတိယအထွေထွေမန်နေဂျာ ကိုကျော်လင်းနိုင်ဦးက ပြောသည်။
ဝန်ထမ်းတစ်ချို့မှလည်း ပုံမှန်ထက် စောထွက်လာခဲ့သော်လည်း ဘတ်စ်ကားစနစ်အပေါ် အသားမကျသေးမှုကြောင့် ရုံး၊ အလုပ်နောက်ကျမှုများ ရှိနေသည်ဟု ပြောဆိုမှုများရှိနေသည်။
“ကားတွေကတော့လာတယ်။ ဒါပေမယ့် တက်လို့မရဘူး။ ကြပ်ပိတ်နေတာ ကိုယ်က ဘာကားစီးလို့ စီးရမှန်းမသိဘူး။ မှတ်တိုင်က Volunteer လေးတွေက ကူညီပြီး ဘယ်ကားစီးရမလဲပြောပြပေးလို့ အဆင်ပြေခဲ့တယ်”ဟု ရွှေပြည်သာနယ်မြို့နယ်မှ မဝါဝါမိုး က ပြောသည်။
ပုံမှန်အလုပ်ဝင်ချိန်ထက် တစ်နာရီနီးပါးခန့် နောက်ကျခွင့်ပြုထားသောကုမ္ပဏီများမှာ KOL_TN ကုမ္ပဏီ၊ GEEC ၊ MCF၊ MTT တို့ဖြစ်ပြီး ဝန်ထမ်းများကို နောက်ကျခွင့်ပြုထားခြင်းဖြစ်သည်။