ဇန်နဝါရီ ၁၄ ။ ။ ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကလေးသူငယ်များနေ့အထိမ်းအမှတ် လေယာဉ်ပျံသန်းမှု သရုပ်ပြပွဲတစ်ခုအတွင်း တိုက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပေါ်ခဲ့ပြီး လေယာဉ်မှူးသေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကလေးများအတွက် ရည်ရွယ်ပြသခဲ့သည့် ယင်းပြပွဲမှာ အဆိုပါ ဖြစ်ရပ်ဆိုးနှင့် မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရပြီး ယခုကဲ့သို့ ထိုင်းစစ်ဘက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
နိုင်ငံ၏ ကလေးများနေ့တွင် Hat Yai မြို့တောင်ပိုင်းလေဆိပ်တစ်ခုတွင် မိသားစုများ လာရောက်စုဝေးကြည့်ရှုခဲ့ကြစဉ် ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သရုပ်ပြပွဲအတွင်း ဂျက်တိုက်လေယာဉ်တစ်စီး ထိုးကျကာ မီးလောင်ပေါက်ကွဲသွားခဲ့သည်။
" ဒီကနေ့ မနက်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ကျွန်တော်တို့ရဲ့ လေယာဉ်မှူးတစ်ဦး သေဆုံးသွားပါတယ်" ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် Kongcheep Tantravanich က အေအက်ဖ်ပီသို့ ပြောသည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထိုင်းနိုင်ငံ၏ ကလေးများနေ့ကို နှစ်စဉ် ဇန်နဝါရီလ၏ ဒုတိယမြောက်စနေနေ့ကို သတ်မှတ်ကျင်းပနေခဲ့ခြင်း ဖြစ်သည်။